တရုတ်တက္ကသိုလ် ၅၈ ခုနဲ့ နည်းပညာဓာတ်ခွဲခန်း ၆၂ ကို သုတေသနရန်ပုံငွေ ကန့်သတ်ဖို့ ရီပတ်ဘလီကန် လွှတ်တော်အမတ် တောင်းဆို
အောက်တိုဘာ ၁၀
တရုတ်တက္ကသိုလ် ၅၈ ခုနဲ့ နည်းပညာဓာတ်ခွဲခန်း ၆၂ ခုအပေါ် အမေရိကန်ရဲ့ သုတေသနရန်ပုံငွေ ထောက်ပံ့မှုတွေ ကန့်သတ်ဖို့ ရီပတ်ဘလီကန်ပါတီ လွှတ်တော်အမတ်တဦးက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော် တရုတ်ရေးရာ အထူးကော်မတီဥက္ကဋ္ဌဖြစ်သူ မစ်ချီဂန်ပြည်နယ် ကိုယ်စားပြု လွှတ်တော်အမတ် ဂျွန် မူလီနာက ကာကွယ်ရေးဝန်ကြီးဌာနထံ ပေးပို့တဲ့ စာတစောင်မှာ အခုလို တောင်းဆိုထားတာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အဆိုပါစာမှာ “၁၂၈၆ စာရင်း” လို့ လူသိများတဲ့ စာရင်းထဲကို တရုတ်တက္ကသိုလ် ၅၈ ခုနဲ့ နည်းပညာဓာတ်ခွဲခန်း ၆၂ ခု ထပ်မံထည့်သွင်းပေးဖို့ အဓိက တောင်းဆိုထားပါတယ်။
အဆိုပါ တရုတ်ဓာတ်ခွဲခန်းတွေနဲ့ တက္ကသိုလ်တွေဟာ ဆီမီးကွန်ဒတ်တာနည်းပညာ၊ ဉာဏ်ရည်တု (AI) နဲ့ ကွမ်တမ်ကွန်ပျူတာနည်းပညာလိုမျိုး အရေးပါတဲ့ နည်းပညာနယ်ပယ်တွေမှာ သုတေသနပြုလုပ်နေကြတယ်လို့ အဆိုပါစာထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိ စည်းမျဉ်းတွေအရ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနဟာ ၁၂၈၆ စာရင်းမှာ ပါဝင်တဲ့ တရုတ်တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို သုတေသနရန်ပုံငွေ ထောက်ပံ့ခွင့်မရှိပါဘူး။
အဆိုပါစာရင်းဝင် တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ စည်းမျဉ်းစည်းကမ်း လိုက်နာမှုဆိုင်ရာ အန္တရာယ် (compliance risk) ဖြစ်ပြီး အမေရိကန် ဗဟိုအစိုးရရဲ့ သုတေသနရန်ပုံငွေတွေ ဆုံးရှုံးရနိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လကလည်း အမေရိကန်တက္ကသိုလ် ၃၀ ဟာ ၁၂၈၆ စာရင်းဝင် တရုတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ထပ်မံထည့်သွင်းပေးဖို့ တောင်းဆိုထားတဲ့ တက္ကသိုလ်တွေထဲမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးနဲ့ နိုင်ငံရေးခေါင်းဆောင် အများအပြားကို မွေးထုတ်ပေးခဲ့တဲ့ ချင်းဟွာတက္ကသိုလ် (Tsinghua University) လည်း ပါဝင်ပါတယ်။
ချင်းဟွာတက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုကျောင်း အကြံပေးဘုတ်အဖွဲ့မှာ အမေရိကန်နဲ့ တရုတ်ကုမ္ပဏီတွေကြား ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ Nvidia၊ Apple နဲ့ AMD စတဲ့ နာမည်ကျော် အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိချုပ် (CEO) တွေ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Nvidia ဘက်ကတော့ တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို ချင်းဟွာတက္ကသိုလ်၊ Apple နဲ့ AMD တို့ကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုထားမှုအပေါ် ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel