တရုတ်နဲ့ EU အပါအဝင် နိုင်ငံ ၁၆ နိုင်ငံကို အခွန်ထပ်တိုးကောက်ဖို့ ထရမ့်အစိုးရ ပြင်ဆင်နေ
နိုဝင်ဘာ ၂၅
တရုတ်နဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံ ၁၆ နိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ထပ်တိုးကောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မကြာခင် ကြေညာဖို့ရှိနေတယ်လို့ အေပီသတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) ဟာ အဆိုပါနိုင်ငံတွေမှာ အစိုးရထောက်ပံ့ကြေးတွေနဲ့ စက်မှုကုန်ပစ္စည်းတွေ အလွန်အကျွံ ထုတ်လုပ်နေမှုရှိ၊ မရှိ လပေါင်းများစွာ စုံစမ်းစစ်ဆေးထားပြီး ရလဒ်တွေကို လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ဖို့ရှိပါတယ်။
အစိုးရထောက်ပံ့ကြေးတွေကြောင့် ဈေးပေါပေါနဲ့ စီးဝင်လာတဲ့ သွင်းကုန်တွေဟာ အမေရိကန်ပြည်တွင်းကုမ္ပဏီတွေကို ယှဉ်ပြိုင်ရခက်ခဲစေတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
အခုအခွန်အစီအစဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမေရိကန်တရားရုံးချုပ်က ပယ်ဖျက်ခဲ့တဲ့ အခွန်စည်းကြပ်မှုတွေကို အစားထိုးဖို့ ကြိုးပမ်းမှုရဲ့ ဒုတိယအဆင့်ဖြစ်ပြီး အခွန်နှုန်းထား ဘယ်လောက်တိုးမယ်ဆိုတာတော့ မသိရသေးပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လက နိုင်ငံပေါင်း ၆၀ အပေါ် ချမှတ်ထားတဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ အခွန်တွေအပေါ် ထပ်ဆောင်းစည်းကြပ်သွားမှာလို့ ဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာတွေကြောင့် ရီပတ်ဘလစ်ကန်ပါတီ အရေးနိမ့်ခဲ့ပေမဲ့ ထရမ့်အစိုးရကတော့ အခွန်စည်းကြပ်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ သမ္မတထရမ့် တရုတ်နိုင်ငံ၊ ရှန်ကျန်း မြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ထွက်ပေါ်လာတာဖြစ်သလို၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးလိုငွေပြမှု ပြဿနာတွေ ဆက်လက်တင်းမာနေချိန်လည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ မော်တော်ကား၊ ဆိုလာပြား၊ ဘိလပ်မြေနဲ့ သံမဏိလုပ်ငန်းတွေမှာ ထုတ်လုပ်မှု အလွန်များပြားနေတာကြောင့် ပြည်ပဈေးကွက်တွေကို ကုန်ပစ္စည်းအများအပြား တင်ပို့လာနေပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးပိုငွေဟာ မနှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံနီးပါးအထိ စံချိန်တင်ခဲ့ပါတယ်။
Ref & Photo: AP
မြို့တော် News Channel