ဗျူဟာကုန်းမှာ အရက်အတူသောက်ရင်း စကားများကြရာက အပြန်အလှန်ပစ်ခတ်လို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးစလုံး သေဆုံး
နိုဝင်ဘာ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းစခန်းမှာ စစ်သား ၂ ဦး စကားများရန်ဖြစ်ကြရင်း အပြန်အလှန်ပစ်ခတ်ကြလို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးလုံး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီခန့်မှာ တန့်ယန်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းစခန်းမှာ အရက်အတူသောက်နေကြရင်း စကားများကြရာက အချင်းချင်း အနီးကပ်ပစ်ခတ်မှု ဖြစ်ခဲ့ကြတာလို့ သိရပါတယ်။
“တပ်ကြပ်နဲ့ တပ်သားဖြစ်တာ၊ ငွေကြေးကိစ္စတွေ ပါတယ်လို့ ပြောတယ်။ အထက်အောက် စကားများပြီး သေနတ်နဲ့ ပစ်ကြတာ၊ တယောက်က ရင်ဘက်ပွင့်ထွက်တယ်၊ တယောက်က နှလုံးအပေါ်ကို ထိတယ်။ အရင်ကတော့ သူတို့က တပူးပူးတတွဲတွဲနဲ့ စခန်းမှာ အတော်ရင်နှီးတဲ့သူတွေလို့ ပြောတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာအုပ်စု၊ မိုင်းကောင်ကျေးရွာရှိ ခလရ(၃၃)စစ်ဆေးရေးဂိတ်မှာ အာဏာသိမ်းစစ်တပ်က စစ်သား ၂ ဦး အရက်အတူသောက်ကြရင်း မူးပြီး စကားများရန်ဖြစ်ရာက ဓားနဲ့ ထိုးသူကို သေနတ်နဲ့ ပြန်ပစ်ခတ်လို့ ၁ ဦး သေဆုံးခဲ့ပါသေးတယ်။
မြို့တော် News Channel