ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်အပတ်အတွင်း မိုးပြန်လည် အားကောင်းလာမယ်လို့ဆို
အောက်တိုဘာ ၉
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းကွေ့နှင့် ၎င်းရဲ့ အနီးဝန်းကျင်မှာ လေထုအထက်ပိုင်း လေဝှေ့စနစ်တစ်ခု စတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာလ ၁၁ ရက်ဝန်းကျင်မှာ ကပ္ပလီပင်လယ်ပြင်သို့ တိုးဝင်ကာ ပေါင်းစည်းသွားမှာဖြစ်ပြီး ၎င်းစနစ်ကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
ICON Model ရဲ့ ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းဟာ အရှေ့တောင်ပိုင်းမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး အောက်တိုဘာလ ၁၄ ရက်မှ ၁၆ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ပိုမိုအားကောင်းလာမယ်လို့ ဆိုပါတယ်။
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ လာမယ့် တပတ်အတွင်း ခန့်မှန်းချက်အရ အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်မှာ မုန်တိုင်းငယ်အဖြစ်သို့ ကူးပြောင်းနိုင်ခြေ အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာမယ့် လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်ခြင်း မရှိဘဲ အိန္ဒိယကမ်းလွန်ဘက်သို့ ဦးတည်မှာဖြစ်ပေမယ့် ၎င်းစနစ်ကြောင့် အောက်တိုဘာလ ၁၃ ရက်မှ ၁၆ ရက်အတွင်း မြန်မာ့ကမ်းရိုးတန်းနှင့် တောင်ပိုင်း/အလယ်ပိုင်း ဒေသတွေမှာ စိုစွတ်တဲ့ လေပွေလှိုင်းတွေ တိုးဝင်လာပြီး မိုးပြန်လည် အားကောင်းလာမယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၉ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသအများစုမှာ မိုးနည်းမှာဖြစ်ပြီး မြန်မာနိုင်ငံတောင်ပိုင်း (တနင်္သာရီတိုင်း) နှင့် အရှေ့ဘက်နယ်စပ်ဒေသအချို့မှာသာ ကွက်ကျား မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၁ ရက်မှ ၁၂ ရက်အတွင်း တရုတ်ပြည်မှ လေအေးနှင့် လေဖိအားနည်းစနစ်တို့ ဆုံစည်းမှုကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ မိုးတိမ်တောင်တွေမှ မိုးထိစပ်ရွာသွန်းလာမယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၃ ရက်မှ ၁၅ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာမှုနှင့်အတူ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း/မြောက်ပိုင်း)ဒေသတွေအထိ မိုးရွာသွန်းမှု ပြန်လည်မြင့်တက်လာမယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း အနောက်ဘက်သို့ ရွေ့လျားသွားတာကြောင့် အလယ်ပိုင်းဒေသတွေမှာ မိုးပြန် ပါးသွားမှာဖြစ်ပေမယ့် ကမ်းရိုးတန်းနှင့် တောင်ပိုင်းတို့မှာ မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
မိုးအများဆုံး ရရှိနိုင်တဲ့ ဒေသတွေအဖြစ် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း/တောင်ပိုင်း)၊ ရန်ကုန်တိုင်းတို့မှာ မုတ်သုံမြောင်တန်းနှင့် ကပ္ပလီပင်လယ်ပြင်/ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းစနစ်တွေ မတည်ငြိမ်မှုကြောင့် အောက်တိုဘာလ ၁၀ ရက်မှ ၁၅ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
မိုးအသင့်အတင့် ရရှိနိုင်တဲ့ ဒေသတွေအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း)၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)တို့မှာ မိုးတိမ်တောင်တွေ တိုးဝင်လာနိုင်တာကြောင့် မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ လေပြင်းတိုက်ခတ်တာနှင့် မိုးသီးကြွေတာတွေ ယှဉ်ပြိုင်ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ရှမ်းပြည်နယ်တို့မှာ အောက်တိုဘာလ ၁၃ ရက်နောက်ပိုင်း မိုးပြန်အားကောင်းလာနိုင်ပြီး တောင်ကျရေကို သတိပြုဖို့ လိုတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
မိုးနည်းနိုင်တဲ့ ဒေသတွေအဖြစ် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် တို့မှာ မိုးရွာသွန်းမှု ပမာဏ နည်းပါးမှာဖြစ်ပြီး ကွက်ကျား မိုးအနည်းငယ်သာ ရွာသွန်းနိုင်တယ်လို့ အသိပေးထားပါတယ်။
မြို့တော် News Channel