လေးမျက်နှာမြို့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ စစ်ရှောင်အမျိုသားတဦးရဲ့ အလောင်း တွေ့
နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာမှာ သေနတ်ဒဏ်ရာလို့ ယူဆရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ စစ်ရှောင်အမျိုးသားရဲ့ ရုပ်အလောင်းကို ဒေသခံတွေက တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာမှာ ရခိုင်ပြည်နယ်ကနေ စက်စက်ယိုရွာကို စစ်လာရှောင်နေတဲ့ အသက် ၃၀ အရွယ်ရှိ ကိုကျော်ဇင် ဆိုသူရဲ့ ရုပ်အလောင်းကို သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အနေအထားနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ခဲ့တာလို့ သိရပါတယ်။
“သူက ရခိုင်ကနေ ဒီကို ၂၀၂၅ ကတည်းက စစ်လာရှောင်နေတာ၊ တနှစ်ဝန်းကျင်လောက်ရှိပြီ။ အလောင်းက သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ထင်တယ်၊ အပေါက်တွေ တွေ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာဟာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက်စလုံးက စိုးမိုးထားပြီး စစ်ရေးလှုပ်ရှားမှုရှိနေတဲ့ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel