ယူကရိန်းစစ်ပွဲမှာ ပူတင်အနိုင်ရဖို့ ကုလားအုတ် အကောင် ၆၀ ယဇ်ပူဇော်မယ့် ဆိုက်ဘေးရီးယားက နတ်ဆရာ
နိုဝင်ဘာ ၁၃
ယူကရိန်းစစ်ပွဲမှာ ရုရှားသမ္မတ ပူတင် အနိုင်ရဖို့အတွက် ဆိုက်ဘေးရီးယား နတ်ဆရာတဦးက ကုလားအုတ် အကောင် ၆၀ ကို ၁ နှစ်အတွင်း သတ်ဖြတ်ပြီး ယဇ်ပူဇော်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
အသက် ၅၃ နှစ်အရွယ် အာတူရ် တ်ဆီဘီကော့ဗ် ဆိုသူဟာ ဆိုက်ဘေးရီးယားဒေသက နတ်ဆရာတဦး ဖြစ်ပြီး အခု နိုဝင်ဘာလကစပြီး ၁ လကို ကုလားအုတ် ၅ ကောင်နှုန်းနဲ့ ယဇ်ပူဇော်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
စလာ့ဗ်နတ်ဘုရားတွေဆီ ကုလားအုတ်တွေ ယဇ်ပူဇော်ပြီး ခွင့်လွှတ်မှုနဲ့ အကူအညီတောင်းခံမှာ ဖြစ်သလို ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ယူကရိန်းစစ်ပွဲလည်း ပိုစောစော အဆုံးသတ်နိုင်မယ်လို့ အဆိုပါနတ်ဆရာက ယုံကြည်နေပါတယ်။
ဒီအစီအစဉ်ကို ရုရှားတိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက လူသားမဆန်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်ထားသလို နတ်ဆရာအချင်းချင်းကြားမှာလည်း ကုလားအုတ်တွေကို အထွတ်အမြတ်ထားတဲ့ ရိုးရာယုံကြည်မှုကို ချိုးဖောက်ရာရောက်တယ်လို့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။
ဒါပေမဲ့ အစီအစဉ်ကို ဝေဖန်သူတွေဟာ ရုရှားနိုင်ငံအပေါ် သစ္စာမရှိသူတွေအဖြစ် သတ်မှတ်ခံရမှာကို စိုးရိမ်နေကြတယ်လို့ အခြားနတ်ဆရာတဦးက မှတ်ချက်ပေးထားပါတယ်။
အာတူရ် တ်ဆီဘီကော့ဗ် ဟာ ၂၀၁၉ ခုနှစ်ကလည်း ရုရှားနိုင်ငံ အင်အားကောင်းလာဖို့ဆိုပြီး ကုလားအုတ် ၅ ကောင်ကို ယဇ်ပူဇော်ခဲ့ဖူးပါသေးတယ်။
အဲဒီလုပ်ရပ်ကြောင့် ဆီဘီကော့ဗ်နဲ့ အဖွဲ့ကို တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုနဲ့ ရာဇဝတ်မှုအဖြစ် အရေးယူဖို့ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ရာဇဝတ်မှုမြောက်တဲ့ အထောက်အထားမရှိဘူးဆိုပြီး အမှုဖွင့်ဖို့ ငြင်းဆိုခဲ့ကာ တိရစ္ဆာန်တွေကို သယ်ယူရာမှာ စည်းမျဉ်းမလိုက်နာမှုအတွက် ဒဏ်ငွေ ရူဘယ် ၃,၀၀၀ ပဲ ချမှတ်ခဲ့ပါတယ်။
ဆီဘီကော့ဗ်ဟာ ပူတင်ကို အခိုင်အမာထောက်ခံသူတဦးဖြစ်ပြီး ရုရှားစစ်သားတွေကို အဆောင်လက်ဖွဲ့ပေးတာ၊ အကာအကွယ်ရဖို့ ဆုတောင်းပေးတာတွေကိုလည်း လုပ်ဆောင်လေ့ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref & Photo: The Sun
မြို့တော် News Channel