ဥရောပတဝှမ်း စစ်ရေးကျူးကျော်မှုတွေ ရပ်တန့်ဖို့ ပူတင်ကို ပြောခဲ့တယ်လို့ ထရမ့် ဆို
နိုဝင်ဘာ ၂၆
ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် ဥရောပတဝှမ်းက နယ်မြေတွေအပေါ် စစ်ရေးအရ ကျူးကျော်ရန်စမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးရဲ့ ပြင်ပဆွေးနွေးပွဲအတွင်း ပူတင် နဲ့ တွေ့ဆုံစဉ်မှာ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တခု အမြန်ဆုံး ရရှိဖို့ အချိန်အတော်ကြာ ဆွေးနွေးခဲ့တယ်လို့ ထရမ့် က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။
လစဉ်လတိုင်း လူပေါင်းထောင်နဲ့ချီ သေဆုံးပြီး သွေးချောင်းစီးနေတာကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ခြေ များတယ်လို့ ထရမ့် က ယုံကြည်နေပါတယ်။
ဒါပေမဲ့ ရုရှားခေါင်းဆောင် ပူတင် နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့ နှစ်ဦးကြားက အမုန်းတရားတွေဟာ စေ့စပ်ညှိနှိုင်းရေးအတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်နေတယ်လို့လည်း ထရမ့် က ဆိုပါတယ်။
“ဒီသဘောတူညီချက် ရရှိဖို့ အကြီးမားဆုံး ပြဿနာကတော့ တယောက်နဲ့တယောက် တကယ်မုန်းတီးနေကြတဲ့ ခေါင်းဆောင်နှစ်ယောက် ရှိနေတာပါပဲ” လို့ ရုရှားခေါင်းဆောင် ပူတင် နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့ကို ရည်ညွှန်း ထရမ့်က ပြောဆိုသွားပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်ကနေ ၁၅ ရက်အထိ ဖလော်ရီဒါပြည်နယ်မှာ ကျင်းပမယ့် စက်မှုထိပ်သီး နိုင်ငံ ၂၀ (G20) အစည်းအဝေးကို ပူတင် တက်ရောက်ဖို့ မသေချာသေးပေမဲ့ သူ့သဘောအတိုင်းသာဆိုရင် တက်ရောက်စေချင်တယ်လို့ ထရမ့် က ဆိုပါတယ်။
တဖက်မှာလည်း ထရမ့် ရဲ့ သားမက်ဖြစ်သူ အထူးသံတမန် ဂျရက် ကူရှ်နာက ယူကရိန်းစစ်ပွဲ ပြင်းထန်နေတဲ့ကြားက နျူကလီးယားလက်နက် မသုံးဘဲ ထိန်းသိမ်းခဲ့တာဟာ ပူတင် အနေနဲ့ ငြိမ်းချမ်းရေးနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ လိုလားတာကို ပြသနေတာလို့ ချီးကျူးပြောဆိုထားပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel