ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင် ပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရ
နိုဝင်ဘာ ၂၅
ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင်တဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ လို့သိရပါတယ်။
ပေါက်ကွဲမှုဟာ နိုဝင်ဘာ ၂၄ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဟော့ပေါ့ဆိုင် အဆောက်အအုံရဲ့ တစိတ်တပိုင်း ပြိုကျခဲ့သလို အနီးပတ်ဝန်းကျင်က နေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပြီး လမ်းမပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲသွားခဲ့တယ်လို့ VnExpress သတင်းဌာနက ဖော်ပြပါတယ်။
ပေါက်ကွဲချိန်မှာ ဆိုင်အတွင်း လူအပြည့်ရှိနေခဲ့တာကြောင့် အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေ ရှိ၊ မရှိ ရဲတပ်ဖွဲ့က အာရုံခံကိရိယာတွေ၊ စက်ယန္တရားတွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။
လက်ရှိမှာတော့ ဦးခေါင်းပိုင်း ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးအပါအဝင် ဒဏ်ရာရရှိသူ ၁၄ ဦးကျော်ကို ဆေးရုံတင်ပို့ထားရသလို အဆောက်အအုံတွေ ထပ်မံပြိုကျနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် အနီးအနားရှိ နေထိုင်သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။
ကနဦးစစ်ဆေးချက်တွေအရ ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားပြီး ဟနွိုင်းရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
Ref & Photo: AP
မြို့တော် News Channel