TrueMoney ကနေ ငွေလက်ခံမိရုံနဲ့ ထိုင်းဘဏ်အကောင့် ပိတ်ခံရမှုတွေ ရှိလာ
နိုဝင်ဘာ ၁၂
ထိုင်းနိုင်ငံမှာ နေထိုင်အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြား TrueMoney QR မှတစ်ဆင့် ငွေလွှဲတာ၊ ငွေလက်ခံတာတွေကြောင့် ထိုင်းဘဏ်အကောင့်အသုံးပြုခွင့် ယာယီပိတ်ဆို့ခံရမှုတွေ ရှိလာနေတယ်လို့ အလုပ်သမားတွေနဲ့ ငွေလဲလုပ်ကိုင်သူတွေထံမှ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း TrueMoney QR မှတစ်ဆင့် ငွေလွှဲလက်ခံမိသူအချို့ရဲ့ ထိုင်းဘဏ်အကောင့်တွေဖြစ်တဲ့ KBank အကောင့်တွေ အသုံးပြုမရတော့တာ၊ Krungthai ဘဏ်မှ TrueMoney QR ငွေလွှဲသူတွေကို ဘဏ်က စစ်ဆေးမှုတွေ ပြုလုပ်နေတာတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။
“TrueMoney ကနေ KBank ထဲကို ငွေဝင်လက်ခံမိတာနဲ့ KBank အကောင့် လော့ကျသွားတယ်။ အခုလိုဖြစ်တာ သုံးရက်လောက်ရှိနေပြီ။ ကိုယ့်အသိတစ်ယောက်လည်း TrueMoney က လွှဲလာတဲ့ငွေကို လက်ခံမိလို့ ဘဏ်အကောင့် အသုံးပြုမရတော့ဘူး။ အခုတော့ TrueMoney နဲ့ ဘတ်ငွေလက်ခံတာ ခဏရပ်ထားတယ်”လို့ ငွေလဲလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံ ဘဏ်အကောင့်တွေကို အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်တွေကို အွန်လိုင်းငွေလိမ်မှု၊ ငွေကြေးခဝါချမှုနဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ ငွေလွှဲလမ်းကြောင်းအဖြစ် အသုံးပြုခြင်းမှ ကာကွယ်ဖို့ရာ စစ်ဆေးမှုတွေ တင်းကျပ်လာခဲ့ပါတယ်။
“TrueMoney ကနေ ငွေလွှဲလာတာကို လက်ခံမိရုံနဲ့ ကိုယ့်ဘဏ်အကောင့်ပါ အသုံးပြု မရတော့ဘူးဆိုရင် နေ့စဉ်အသုံးစရိတ်၊ အိမ်ကိုငွေလွှဲပို့တာနဲ့ လစာထုတ်ယူတာတွေပါ အခက်အခဲ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် ငွေလဲလုပ်ကိုင်သူတွေက တစ်နေ့တာ ငွေအဝင်အထွက်များတာကြောင့် ပိုပြီးစိုးရိမ်နေရတယ်” လို့ဘဏ်အကောင့်အသုံးပြုသူ တစ်ဦးက ပြောပါတယ်။
ထိုင်းအစိုးရကတော့ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့အတွက် အထောက်အထားမခိုင်မာတဲ့ ဘဏ်အကောင့် ၂ သန်းနီးပါးကို ၂၀၂၅ နှစ်စပိုင်းမှာ ပိတ်သိမ်းခဲ့တယ်လို့ ကြေညာထားပါတယ်။
မြို့တော် News Channel