ရုရှားရဲ့ ခြိမ်းခြောက်မှုကြားက နျူကလီးယားစစ်ရေးလေ့ကျင့်မှု ဆက်လုပ်သွားမယ်လို့ NATO ပြော
အောက်တိုဘာ ၉
ရုရှားဘက်က ပိုင်နက်နယ်မြေ ခြိမ်းခြောက်ခံရရင် နျူကလီးယားလက်နက် သုံးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ သတိပေးထားပေမယ့် နေတိုး (NATO) အဖွဲ့ကတော့ နှစ်စဉ်ပြုလုပ်နေကျ နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို လာမယ့် သီတင်းပတ်ထဲမှာပဲ ဆက်လက် ကျင်းပသွားမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
Steadfast Noon လို့ အမည်ပေးထားတဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ၁၀ ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်မှုကို အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး မဟာမိတ် ၁၇ နိုင်ငံက လေယာဉ် ဒါဇင်နဲ့ချီ ပါဝင်သွားမယ်လို့ ဆိုပါတယ်။
နေတိုးရဲ့ နျူကလီးယား မူဝါဒရေးရာ အကြီးအကဲ နာစီမာ ဘားရိုးစ် ကတော့ ဒါဟာ ဆယ်စုနှစ်တခုကျော်ကြာ ပြုလုပ်လာတဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်တခုသာဖြစ်ပြီး ရုရှား အပါအဝင် ဘယ်နိုင်ငံအတွက်မှ ခြိမ်းခြောက်မှု ဖြစ်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ရေးလေ့ကျင့်မှုအတွင်း ကျည်အစစ် ဒါမှမဟုတ် နျူကလီးယား ထိပ်ဖူးတွေကိုလည်း အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ရုရှားက သူ့ရဲ့ အဓိက ဘောလ်တစ်ရေတပ်စခန်း အခြေစိုက်ရာ ကာလင်နင်ဂရက်ဒေသကို ပိတ်ဆို့ဖို့ ကြိုးစားလာပါက နျူကလီးယားလက်နက် အပါအဝင် လက်နက်အားလုံးကို အသုံးပြုပြီး ပြန်လည်ခုခံသွားမယ်လို့ NATO အဖွဲ့ဝင်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် သတိပေးထားခဲ့တာလည်း ဖြစ်ပါတယ်။
NATO ဘက်ကတော့ ရုရှားရဲ့ နျူကလီးယားခြိမ်းခြောက်ပြောဆိုမှုတွေ ပိုများလာတာကို သတိပြုမိပေမဲ့ ရုရှားဘက်က မြေပြင်မှာ စိုးရိမ်ဖွယ်ရာ စစ်ရေးပြောင်းလဲမှုမျိုး ပြုလုပ်လာတာ မတွေ့ရသေးတဲ့အတွက် အနီးကပ် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref & Photo: AP
မြို့တော် News Channel