တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အို မှီခိုသူအရေအတွက် ကလေးငယ်တွေထက် ပထမဆုံးအကြိမ် ပိုမိုများပြားလာ
အောက်တိုဘာ ၂၈
တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းလာတာနဲ့အတူ သက်ကြီးရွယ်အို လူဦးရေ အလျင်အမြန် များပြားလာနေတာကြောင့် အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေကို ထောက်ပံ့စောင့်ရှောက်ရတဲ့ နှုန်းထားဟာ ကလေးငယ်တွေကို စောင့်ရှောက်ရတဲ့ နှုန်းထက် ပထမဆုံးအကြိမ် ကျော်တက်သွားပြီလို့ သိရပါတယ်။
တရုတ်အမျိုးသားစာရင်းအင်းဗျူရိုရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်မှာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုဦးရေ ၂၂၃ သန်းကျော်ရှိပြီး အသက် ၁၄ နှစ်နဲ့အောက် ကလေးဦးရေကတော့ ၂၁၃ သန်းဝန်းကျင်သာ ရှိပါတော့တယ်။
အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူတွေနဲ့ နှိုင်းယှဉ်တွက်ချက်ထားတဲ့ သက်ကြီးရွယ်အို မှီခိုမှုနှုန်းဟာ ၂၃ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ကလေးငယ်တွေရဲ့ မှီခိုမှုနှုန်း ၂၂ ရာခိုင်နှုန်းထက် ပထမဆုံးအကြိမ်အဖြစ် ပိုများလာတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၅ ခုနှစ်မှာ ၄ နှစ်ဆက်တိုက် ကျဆင်းခဲ့ပြီး ကလေးမွေးဖွားနှုန်းလည်း စံချိန်တင် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ကျင့်သုံးခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ဦးသာ ယူခွင့်ပြုတဲ့ မူဝါဒနဲ့ မြို့ပြလူနေမှုပုံစံ အလျင်အမြန် ပြောင်းလဲလာမှုတွေဟာ မွေးဖွားနှုန်းကျဆင်းလာရတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။
ဒီအခြေအနေကို ဖြေရှင်းဖို့ တရုတ်အာဏာပိုင်တွေဘက်က အိမ်ထောင်ပြုကြဖို့နဲ့ ကလေးမွေးဖွားဖို့ တိုက်တွန်းတဲ့ အစီအမံတွေကို အရှိန်မြှင့် ဆောင်ရွက်လာနေပါတယ်။
အဲဒီထဲမှာ မိသားစု ထောက်ပံ့ကြေးပေးတာ၊ ကလေးထိန်းကျောင်း ဝန်ဆောင်မှုတွေ စီစဉ်ပေးတာနဲ့ မီးဖွားစရိတ်တွေ လျှော့ချပေးတာတွေ ပါဝင်သလို လူငယ်တွေနဲ့ မိသားစုတွေအတွက် မြို့ပြလူနေမှုဘဝ ပိုမိုသက်တောင့်သက်သာ ရှိစေဖို့ အပြည့်အဝ ပံ့ပိုးပေးသွားမယ့်အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
Ref & Photo: The Reuters
မြို့တော် News Channel