ရွှေပြည်သာစက်မှုဇုန်ရှိ Costec စက်ရုံမှာ အပူဒဏ်ခံနေရတဲ့ အလုပ်သမားတွေကို လျစ်လျူရှုပြီး OT ဆက်တိုက်ခေါ်ယူနေ
နိုဝင်ဘာ ၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃) ရှိ SMOG Brand အော်ဒါချုပ်လုပ်နေတဲ့ Costec International Co.,Ltd စက်ရုံမှာ စက်ရုံတွင်း အပူချိန် ၃၂ ဒီဂရီအထိ မြင့်တက်နေသော်လည်း ရေမော်တာပျက်နေတာကို အကြောင်းပြကာ ရေလိုက်ကာတွေ ဖွင့်ပေးခြင်းမရှိဘဲ အလုပ်သမားတွေကို အလုပ်ဆက်လက် လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေထံမှ သိရပါတယ်။
အဆိုပါစက်ရုံမှာ အမှတ် (၃၄/၃၅/၃၆)၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ ရွှေပြည်သာစက်မှုဇုန် (၃) မှာ ဖွင့်လှစ်ထားပြီး စက်ရုံအတွင်း လေဝင်လေထွက် မကောင်းတဲ့အပြင် မီးချောင်းတွေက ထွက်လာတဲ့ အပူရှိန်ကြောင့် ပိုမိုပူပြင်းတဲ့ အခြေအနေအောက်မှာ အလုပ်လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
စက်ရုံအတွင်း ရေမော်တာပျက်နေတာ တလခန့်ရှိပြီဖြစ်သော်လည်း ဒီနေ့အထိ ပြုပြင်ပေးတာ မရှိတဲ့အပြင် အလုပ်သမားတွေက HR မန်နေဂျာထံ နှစ်ကြိမ်တိုင်တိုင် တင်ပြတောင်းဆိုခဲ့သော်လည်း ထိရောက်တဲ့ ဖြေရှင်းမှုမရှိကြောင်း အလုပ်သမားတဦးက အခုလိုပြောပြပါတယ်။
“မိုးအုံ့နေတဲ့ ရက်တွေမှာတောင် စက်ရုံထဲအပူချိန်က ၃၂ ဒီဂရီလောက်ရှိတယ်။ တခြားရက်တွေဆို ပိုဆိုးတယ်။ အပူချိန်က မီးချောင်းတွေရဲ့ အပူရှိန်ကြောင့်လည်း ပိုပြင်းတယ်။ လေဝင်လေထွက်ပေါက်ကလည်း Cutting ဌာနနဲ့ အဝေးကြီးမှာရှိတယ်။ HR မန်နေဂျာကို နှစ်ကြိမ်တောင် ပြောထားပေမဲ့ လုပ်ပေးမယ်လို့ပဲ ပြောပြီး ဘာမှလုပ်ပေးတာ မရှိဘူး။ ပြီးခဲ့တဲ့ရက်တွေကဆို အပူဒဏ်ကြောင့် မူးလဲတဲ့သူတွေလည်း ရှိလာနေပြီ” လို့ သူက ပြောပါတယ်။
အပူဒဏ်ကြောင့် ကျန်းမာရေးမကောင်းဖြစ်လာတဲ့ အလုပ်သမားတွေဟာ စက်ရုံဆေးပေးခန်းအတွင်း ဓာတ်ဆားထုပ် တောင်းယူသောက်သုံးဖို့ ကြိုးစားတဲ့အခါမှာလည်း ဆေးပေးခန်းတာဝန်ရှိသူတွေကပါ အလွယ်တကူ ထုတ်ပေးခြင်းမရှိဘဲ အကြိမ်ကြိမ်တောင်းယူမှသာ ရရှိခဲ့ကြရတာလို့ အလုပ်သမားတွေက ပြောဆိုထားကြပါတယ်။
အပူဒဏ်ပြဿနာအပြင် စက်ရုံဘက်က အချိန်ပို (OT) ဆင်းဖို့ အလုပ်သမားတွေကို ဆက်တိုက်ခေါ်ယူနေပြီး အချိန်ပိုဆင်းဖို့ ငြင်းဆိုတဲ့ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အချိန်ပိုဆင်းဖို့ ခေါ်ယူရာမှာလည်း အလုပ်သမားအဖွဲ့အစည်း (WCC) ကို အသိပေးခြင်း မရှိတဲ့အပြင် အလုပ်သမားတွေရဲ့ ဆန္ဒကို ပြည့်ပြည့်ဝဝ ရယူခြင်းမရှိဘဲ လက်ရှိရှိနေတဲ့ လုပ်သားအင်အားအပေါ် အလုပ်ပိုမိုခိုင်းစေတာတွေပါ ပြုလုပ်နေတယ်လို့ ကိုယ်တွေ့ကြုံနေရတယ့် နောက်ထပ်အလုပ်သမားတဦးက အခုလို ပြောပါတယ်။
“OT ကိစ္စဆိုရင်လည်း WCC ကို အသိပေးတာမရှိဘူး။ အလုပ်သမားအဖွဲ့အစည်းကို အသိပေးချင်တဲ့ပုံလည်း မရှိဘူး။ အလုပ်သမားတွေကို လုံလောက်အောင် ခေါ်ယူတာမရှိဘဲ ရှိနေတဲ့လုပ်သားတွေအပေါ်မှာပဲ အလုပ်တွေ ပိုခိုင်းတယ်။ OT မဆင်းတဲ့သူတွေကိုလည်း ခွဲခြားဆက်ဆံပြီး Grade နဲ့ ဆုကြေးတွေကို အကြောင်းပြကာ ဖိအားပေးခေါ်ယူနေတယ်” လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေ မရှိတော့တာကို အလုပ်ရှင်တွေက အခွင့်ကောင်းယူပြီး အလုပ်သမား အခွင့်အရေးတွေကို နည်းလမ်းမျိုးစုံနဲ့ ချိုးဖောက်လာတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားတွေကို ကူညီနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်နေတဲ့ အထွေထွေ အကျပ်အတည်းကြောင့် ပြည်သူတွေ အလုပ် အကိုင်ရှားနေချိန်မှာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာတော့ အလုပ်ရှင်တွေ အသာစီးရနေပြီး အလုပ်သမားတွေဟာ အခွင့်အရေး ချိုးဖောက်ခံနေရသလို သူတို့အတွက် အကာအကွယ်မဲ့နေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ထောက်ပြပြောဆိုထားကြပါတယ်။
မြို့တော် News Channel