မန္တလေးမှာ ဆိုင်ကယ်စီးလာသူတွေကို ဓားနဲ့ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှုခန့် ကျုးလွန်ထားသူတွေကို ဖမ်းဆီးရမိပြီလို့ဆို
နိုဝင်ဘာ ၁၀
မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာသူတွေကို ဓားနဲ့ခုတ်ကာ ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှုခန့် ကျုးလွန်ထားတဲ့ အဖွဲ့ကို နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလအတွင်းမှာ အမျိုးသား ၂ ဦးဟာ ဆိုင်ကယ်မောင်းနှင်လာစဉ် ရှမ်းကလေး ကျွန်းလမ်းဆုံရှိ Denko ဆီဆိုင်အနီး စစ်ကိုင်း-မန္တလေး ကမ်းနားလမ်းပေါ်သို့အရောက်မှာ ဆိုင်ကယ် ၃ စီးခန့်နဲ့ အမျိုးသား ၆ ဦးခန့်အဖွဲ့က ဆိုင်ကယ်ကို တားဆီးပြီး အသင့်ပါလာတဲ့ဓားနဲ့ ဝိုင်းဝန်းခုတ်ကာ ဆိုင်ကယ်နှင့် Redmi Note 13 ဖုန်းတစ်လုံးကို လုယက်ယူဆောင် ထွက်ပြေးသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာလအတွင်းမှာပဲ ကိုတိုးတက်ဦးနှင့် သူငယ်ချင်းနှစ်ဦးဟာ HONDA CLICK-125 ဆိုင်ကယ်စီးနင်းလာစဉ် ၂၂ လမ်း၊ လမ်း ၆၀ နှင့် ၆၂ လမ်းကြားအရောက်မှာ အမျိုးသား ၃ ဦးက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး ဆိုင်ကယ်ကို ရပ်တန့်စေကာ ကိုတိုးတက်ဦးကို ဓားရှည်နဲ့ခုတ်ပြီး ဆိုင်ကယ်ကို ယူဆောင်မောင်းနှင်သွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မဟာအောင်မြေမြို့နယ်၊ ၆၃ လမ်းနှင့် ၄၃ လမ်း၊ မနော်ရမ္မံ ညဈေးအနီး လမ်းကြားမှာ အမျိုးသား ၁ ဦး ဆိုင်ကယ်လုယက်ခံရကြောင်း သတင်းရရှိတာကြောင့် လိုက်လံဝိုင်းဝန်းပိတ်ဆို့ရှာဖွေရာ ၁၂၀ လမ်းနှင့် ၆၂ လမ်းအရောက်မှာ Scoopy ဆိုင်ကယ်တစ်စီးနှင့်အတူ ညီနိုင် (၂၃ နှစ်) နှင့် ကျော်ခိုင်လင်း (၁၈ နှစ်) တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမှုအရ သန့်မင်းခန့်၊ အောင်မျိုးဦးနှင့် ဝေဖြိုးအောင်တို့ ၃ ဦးလည်း လုယက်မှုတွေမှာ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် လုယက်ယူဆောင်ရာမှ ရရှိတဲ့ပစ္စည်းတွေကို လက်ခံဝယ်ယူသူ အေးအောင်ဝင်း (၃၅ နှစ်) ကို လည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် စက်တင်ဘာလထက် အောက်တိုဘာလအတွင်းမှာ ကျူးလွန်ခဲ့တဲ့ အမှုတွေ ပိုများတယ်လို့ သိရပြီး အမှုဖွင့်ထားတာဟာ ၇ မှု ခန့်သာရှိခဲ့ပေမဲ့ စစ်ဆေးမှုအရ လုယက်မှု ကျူးလွန်တဲ့ အမှုပေါင်း ၁၄ မှုခန့်ရှိကာ ကျုးလွန်ခဲ့တဲ့ တရားခံ ၅ ဦးနဲ့ ပစ္စည်းလက်ခံသူ အပါအဝင် စုစုပေါင်း ၆ ဦးကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel