အိမ်ဖောက်ထွင်းပြီး စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမကို အတင်းဖက်နမ်းသူ ဖမ်းဆီးခံရ
အောက်တိုဘာ ၃
ချင်းပြည်နယ်၊ တီးတိန်မြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူသူက အနီးနားရှိ စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမတဦးကိုပါ ကာယအိန္ဒြေပျက်အောင် ထိပါးနှောင့်ယှက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့က တီးတိန်မြို့၊ လွိင်ဘွာလ်(Lawibual)ရပ်ကွက်က နေအိမ်တခုမှာ အိမ်ရှင်တွေ အိမ်အောက်ကို ခေတ္တဆင်းသွားချိန် နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး ဖုန်း ၂ လုံး ခိုးယူခဲ့တဲ့အပြင် အနီးနားရှိ စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမကိုပါ အတင်းပွေ့ဖက်ခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“အိမ်ရှင်တွေ အောက်ထပ်မှာ ရှိနေချိန် အိမ်ကိုဖောက်ဝင်တာ။ စားပွဲပေါ်က ဖုန်း ၂ လုံးကို ယူပြေးပြီး အဲ့နားက စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမကိုပါ အတင်းပွေ့ဖက်ပြီး ပါးတွေကို နမ်းတာ။ ဈေးဆိုင်ကလူတွေက ပြေးပြီးသူ့ကို ဝိုင်းထိုးကြတာ၊ အဲ့အချိန် အိမ်အဖောက်ခံရတဲ့သူတွေက ဘေးကဆိုင်မှာ ဆူညံ့နေလို့သွားကြည့်မှ သူတို့အိမ်ကို ဖောက်တဲ့သူမှန်း သိတာ။ သူတို့အိမ်က ဘီဒိုဖွင့်ပြီး အင်္ကျီတွေကိုပါ ရှုပ်ပွနေအောင် လုပ်သွားတာလို့ ပြောတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဈေးဝယ်နေတဲ့ ဆရာမဖြစ်သူက ထိတ်လန့်တကြား အော်ဟစ်အကူအညီတောင်းခံရာက ဆိုင်ရှင်အမျိုးသားနဲ့ ပတ်ဝန်းကျင်က ဒေသခံတွေ ရောက်လာပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူဟာ တွီတွန်း(Tuitawh) ကျေးရွာသားဖြစ်ပြီး လတ်တလောမှာ တီးတိန်မြို့၊ လိုင်လုမ်း(Leilum) ရပ်ကွက်မှာ ခေတ္တလာရောက်နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel