မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပိုတွေ ပယ်ဖျက်ဖို့ လဝက သတ်မှတ်ရက်ထုတ်ပြန်၊ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ပြည်သူတွေ တောင်းဆို
နိုဝင်ဘာ ၂၇
နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း တခုထက်ပိုမို ကိုင်ဆောင်ထားသူတွေအနေနဲ့ ပယ်ဖျက်လိုတဲ့ ကတ်ပြားနဲ့ စာရင်းတွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးမှာ ကိုယ်တိုင်လာရောက်ဆောင်ရွက်ဖို့ အာဏာသိမ်းအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် ကတ်အပိုတွေ ထုတ်ပေးခဲ့တဲ့ လဝကဝန်ထမ်းတွေကိုပါ စိစစ်အရေးယူဖို့နဲ့ ပြည်သူတွေအပေါ် ငွေကြေးတောင်းခံမှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်း အပိုတွေကို ကိုင်ဆောင်ထားသူကိုသာ ပြန်လည်အပ်နှံဖို့ တာဝန်ပေးတာထက် အထောက်အထား တခုထက်ပိုမိုထုတ်ပေးခဲ့တဲ့ လဝကဝန်ထမ်းတွေရဲ့ တာဝန်ယူမှုနှင့် တာဝန်ခံမှုကိုပါ စစ်ဆေးဖို့ လိုအပ်တယ်လို့ ပြည်သူတွေက ထောက်ပြထားပါတယ်။
အထောက်အထားအချက်အလက် မှန်ကန်ပြည့်စုံပေမယ့် လဝကရုံးတွေမှာ ကိစ္စတခုဆောင် ရွက်ဖို့ အကြိမ်ကြိမ်သွားလာရတာ၊ အချိန်ဆွဲခံရတာနဲ့ ငွေကြေးပေးနိုင်သူတွေသာ အချိန်တိုအတွင်း ဆောင်ရွက်ပေးခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
“ကတ်တခုထက်ပိုပြီး ကိုင်ထားတယ်ဆိုရင် ပြည်သူတွေကိုပဲ လာအပ်ခိုင်းနေလို့ မရဘူး။ အဲဒီကတ်တွေကို တခုထက်ပိုပြီး ထုတ်ပေးခဲ့တဲ့ လဝကဝန်ထမ်းတွေကိုလည်း ဘယ်လိုစိစစ်အရေးယူမလဲဆိုတာ ပြောသင့်တာ။ အချက်အလက်တွေက လဝကရုံးတွေမှာ ရှိပြီးသားပဲ။ သူတို့ဘက်က သေချာစိစစ်ပြီး ထုတ်ပေးခဲ့ရင် ဒီလိုပြဿနာတွေ ဖြစ်လာစရာ မရှိဘူး။ ထုတ်ပေးသူတွေကို အရေးမယူဘဲ ပြည်သူတွေကိုပဲ တာဝန်ပုံချနေရင် နောက်ထပ်လည်း ဒီလိုကတ်အပိုတွေ ထွက်လာဦးမှာပဲ” လို့ ရန်ကုန်နေ ပြည်သူတဦးက ပြောပါတယ်။
e-ID Biographic Registration Software နည်းပညာနဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနဲ့ အခြားအသိအမှတ်ပြု ကတ်အမျိုးအစား ကိုင်ဆောင်သူ ၅၂ သန်းကျော်ကို e-ID Server မှာ စာရင်းသွင်းထားပြီးဖြစ်ပေမယ့် နိုင်ငံသားစိစစ်ရေးကတ်ပြား တခုထက်ပိုမို ကိုင်ဆောင်သူတွေနဲ့ အိမ်ထောင်စုစာရင်း တနေရာထက် ပိုမိုပါဝင်နေသူတွေ ရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၃၁ ရက်အထိ လာရောက်ညှိနှိုင်းပယ်ဖျက်ခြင်း မရှိပါက နောက်ဆုံးထုတ်ယူထားတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းကိုသာ အတည်ပြုသတ်မှတ်ပြီး အရင်ကိုင်ဆောင်ခဲ့တဲ့ ကတ်နဲ့ အိမ်ထောင်စုစာရင်းအပိုတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပယ်ဖျက်စာရင်းသွင်းသွားမယ်လို့ လဝကဝန်ကြီးဌာနက ဆိုထားပါတယ်။
တဖက်မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီး၊ အချက်အလက်မှားယွင်းတာနဲ့ မွေးတိုးစာရင်း ပြုလုပ်တာတွေမှာ လဝကရုံးတွေရဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“မှတ်ပုံတင်ပျောက်လို့ ပြန်လျှောက်ရင် အထောက်အထားတွေ အစုံရှိနေရင်တောင် ဟိုရစ်ဒီရစ်လုပ်ပြီး အချိန်ဆွဲတာတွေ။ တခါသွားရုံနဲ့ မပြီးဘဲ အကြိမ်ကြိမ်သွားရတယ်။ ငွေပေးနိုင်ရင်တော့ တရက်တည်းနဲ့ ပြီးသွားတယ်ဆိုတဲ့ အခြေအနေမျိုးတွေပါ ကြုံနေရတာ။ အခုလို အပိုကတ်တွေ ပယ်ဖျက်ဖို့ ပြောနေတဲ့အပြင် ကတ်မရှိသေးတဲ့သူတွေ၊ အချက်အလက်မှားနေတဲ့သူတွေကိုလည်း တန်းတူညီမျှ ဆောင်ရွက်ပေးဖို့ လိုတယ်” လို့ မန္တလေးတိုင်းနေ ပြည်သူတဦးက ပြောပါတယ်။
မှတ်ပုံတင်ပျက်စီး ပြန်လည်လဲလှယ်ရာမှာ ငွေကျပ်သိန်း ၂၀ အထိ၊ မွေးတိုးစာရင်း ပြုလုပ်ရာမှာ ငွေကျပ် ၅ သိန်းနဲ့ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်အမှား ပြန်လည်ပြင်ဆင်ရာမှာ ငွေကျပ် ၄ သိန်းခွဲအထိ တောင်းခံမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေဆိုတာ နိုင်ငံသားတဦးချင်းစီရဲ့ အခြေခံအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ လူမှုစီးပွားဆိုင်ရာ ဝန်ဆောင်မှုတွေ ရရှိဖို့အတွက် အရေးပါတဲ့ အထောက်အထားဖြစ်ပါတယ်။
ဒါကြောင့် အထောက်အထားအပို ပယ်ဖျက်ရေးကို ဆောင်ရွက်ရာမှာ ကိုင်ဆောင်ထားသူတွေကိုသာ တာဝန်ရှိသူအဖြစ် သတ်မှတ်ခြင်း မပြုဘဲ မှားယွင်းတာ ဒါမှမဟုတ် ထပ်နေတဲ့ အထောက်အထားတွေ ထုတ်ပေးခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ တာဝန်ယူမှု၊ ငွေကြေးတောင်းခံမှုနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အဂတိလိုက်စားမှု ရှိ၊ မရှိတို့ကိုပါ ပွင့်လင်းမြင်သာစွာ စစ်ဆေးဖို့ လိုအပ်တယ်လို့လည်း ပြည်သူတွေက ထောက်ပြနေကြပါတယ်။
မြို့တော် News Channel