Grab Food ပို့ခတွေ ထက်ဝက်နီးပါးခန့် လျှော့ချလိုက်တာကြောင့် Rider တွေ အခက်အခဲကြုံတွေ့နေရ
အောက်တိုဘာ ၁၀
ရန်ကုန်မြို့တွင်းရှိ Grab Food Rider တွေရဲ့ အစားအသောက် ပို့ဆောင်ခ (Deli ခ) တွေကို အောက်တိုဘာလ ၉ ရက် ညနေ ၄ နာရီခန့်မှ စတင်ကာ ထက်ဝက်နီးပါးခန့် လျှော့ချလိုက်တယ်လို့ သိရပါတယ်။
Grab အနေနဲ့ စားသုံးသူနှင့် ဈေးရောင်းသူတွေထံမှ Deli ခ ဖြတ်တောက်ရယူထားပြီး Rider တွေကို အဲ့ဒီငွေရဲ့ ၂၀ ရာခိုင်နှုန်းခန့် ခွဲဝေပေးခဲ့တာဖြစ်ကာ ခရီးစဉ်တစ်ကြောင်းကို အရင်က ၂၅၀၀ ကျပ် ရရှိခဲ့ရာမှ ယခုအခါ ၁၅၀၀ ကျပ်သာ ရရှိတော့တာ ဖြစ်တယ်လို့ သိရပါတယ်။
"အရင်က တစ်ရက်ကို မိုးလင်း မိုးချုပ် ခရီးစဉ် ၁၀ ကြောင်းလောက်ပို့ရရင် ကျနော်တို့အနေနဲ့ ဝင်ငွေ ၂၅,၀၀၀ လောက်ရတော့ မိသားစု စားဝတ်နေရေး အဆင်ပြေခဲ့တယ်။ အခုက ၁၅,၀၀၀ ကျပ်ပဲ ရတော့မှာဆိုတော့ ထက်ဝက်နီးပါးလောက် ကျသွားတယ်။ မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့က လောက်ငှမှု မရှိတော့ဘူး" လို့ Rider တစ်ဦးက မြို့တော် ကို ပြောပါတယ်။
Grab ရဲ့ Software စနစ်မှာလည်း ဖုန်းနံပတ် ထည့်လိုက်ရုံနဲ့ ပေးပို့ခဲ့တဲ့ အိမ်အမှတ်၊ လမ်းနာမည်၊ လမ်းကြောင်း အကွာအဝေးတွေ တွက်ချက်ပါရှိပြီးဖြစ်ပေမဲ့ Rider တွေအတွက် ကီလိုမီတာ တွက်ချက်ရာမှာတော့ အပြည့်အဝ မရရှိဘဲ လျှော့ချ တွက်ချက်ခံရမှုတွေလည်း ရှိနေတယ်လို့ Rider တွေက ပြောဆိုနေကြပါတယ်။
"အခုလို အယ်လ်နီညို အပူရှိန် အရမ်းပြင်းထန်နေတဲ့ ကာလကြီးမှာ နေပူမရှောင်၊ မိုးရွာမရှောင် ပို့ပေးနေရတဲ့ Rider တွေကို ခရီးကြေး တိုးမပေးတဲ့အပြင် အခုလို လျှော့ချလိုက်တာဟာ အတော်လေး မတရားဘူးလို့ ခံစားရတယ်။ အဓိက ကတော့ Shift ကြေးတွေ ရှော့ချပြီး Delivery တွေကို ညဘက် ၉ နာရီအထိ အလုပ်လုပ်ဖို့ ဖိအားပေးတဲ့ သဘောမျိုးပါ။ Rider တွေအနေနဲ့ အော်ဒါသွားပို့ရင်း လမ်းမှာ ကားနဲ့ တိုက်တာပဲ ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ တိုက်တာပဲ ဖြစ်ဖြစ်၊ အက်ဆီးဒန့်ဖြစ်ရင် ရုံးက ဖြေရှင်းပေးတာမျိုးမပြောနဲ့ လာကြည့်မှာတောင် မဟုတ်ဘူး။ အစားအသောက် ပစ္စည်းတွေ ပျက်စီးသွားရင်တောင် Rider က ပြန်လျော်ပေးရတာမျိုးတွေ ရှိတယ်" လို့ Rider တစ်ဦးက မြို့တော် ကို ပြောပါတယ်။
Grab Food Rider တွေဟာ ကိုယ်ပိုင်စက်ဘီး၊ ကိုယ်ပိုင် ဆိုင်ကယ်နဲ့ ပို့ဆောင်ပေးနေရသူတွေဖြစ်ပြီး ကုမ္ပဏီဘက်မှ အခုလို အော်ဒါကြေး ပြောင်းလဲ သတ်မှတ်လိုက်တဲ့အပေါ် တိုင်ကြားချင်ပေမယ့် ဘယ်သူကို သွားတိုင်းလို့ တိုင်းရမှန်းမသိ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့ကလည်း Grab ကနေ ပို့ဆောင်ခ ပြောင်းလဲ သတ်မှတ်လိုက်ခဲ့တာကြောင့် The Central ဇုန် ၊ Wai Zayan Tar ဇုန် ၊ သင်္ဃန်းကျွန်းဇုန်၊ လှည်းတန်းဇုန်နဲ့ အခြားဇုန်အလိုက်မှာ Riders တွေဟာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။
မြို့တော် News Channel