၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသား ရုပ်အလောင်းအဖြစ် ရေတွင်းထဲမှာ ပြန်တွေ့
အောက်တိုဘာ ၂၄
ထားဝယ်မြို့နယ်၊ ကဒင်ဝကျေးရွာမှာ ၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် လူငယ်တဦးရဲ့ ရုပ်အလောင်းကို ရွာအပြင်က ရေတွင်းထဲမှာ တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့က နေအိမ်ကနေ ထွက်သွားပြီးနောက် ပျောက်နေခဲ့တာလို့ သိရပြီး အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ရွာအပြင်က ရေတွင်းပျက်ထဲ အပုတ်နံ့ထွက်လာလို့ သွားကြည့်ရာက တွေ့ခဲ့ကြရတာလို့ သိရပါတယ်။
“ရွာကအစ်မတယောက်က ရေတွင်းနားက ဖြတ်သွားတာ၊ အနံ့ထွက်နေလို့ အထဲငုံ့ကြည့်တော့ အလောင်းကိုတွေ့တာ” လို့ ကျေးရွာဒေသခံတဦးက ပြောပါတယ်။
သေဆုံးတဲ့လူငယ်ဟာ ကဒင်ဝကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် ကိုသူရဇော် ဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က စတင်ကာ စိတ်ဝေဒနာ ခံစားနေရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ထားဝယ်မြို့ဆေးရုံကြီး ရင်ခွဲရုံကို တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး ရင်ခွဲရုံကတဆင့် ကဒင်ဝကျေးရွာ သုသာန်ကို ပြန်သယ်ကာ ဓလေ့ထုံးစံအတိုင်း သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြို့တော် News Channel