တောင်တွင်းကြီးမြို့နယ်မှာ အုပ်ချုပ်ရေးမှူး နဲ့ ဈေးသည်တဦး ပစ်ခတ်ရှင်းလင်းခံရ
နိုဝင်ဘာ ၉
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ မီးရှောင်ကုန်းကျေးရွာကို ဈေးရောင်းလာတဲ့ အမျိုးသားတဦးတို့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
တောင်တွင်းကြီးမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး ဟာ ကြမ်းကြားကျေးရွာရှိ သူ့ရဲ့ နေအိမ်မှာ နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၇ နာရီခန့်က ပစ်ခတ်ရှင်းလင်းခံ ခဲ့ရတယ်လို့ သိရပါတယ်။
"ဦးကျော်ဌေးက အသက် ၅၆ နှစ်လောက် ရှိနေပြီ၊ အိမ်ထဲထိ ဝင်ပစ်သွားတာ၊ သူက နာမည်ထွက်နေတာတော့ ကြာပြီ၊ စစ်မှုထမ်းကြေး ကောက်တာတွေနဲ့ စစ်တပ်နဲ့ ပေါင်းတာတွေကြောင့် လာပစ်တာ ဖြစ်မယ်၊ ဘယ်အဖွဲ့က လာပစ်တယ်တော့ မသိဘူး၊ ခေါင်းတခြမ်း ပွင့်ပြီးသေသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
အလားတူ အဲဒီနေ့ တနေ့တည်းမှာပဲ တောင်တွင်းကြီးမြို့၊ မီးရှောင်ကုန်းကျေးရွာကို ဆိုင်ကယ်နဲ့ ဈေးလာရောင်းတဲ့ အမျိုးသားတဦးလည်း ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။
"သတင်းလာ ထောက်လှမ်းတယ်ဆိုပြီး အရှင်းခံရတာလို့ ကြားတယ်၊ အတိအကျတော့ မသိရသေးဘူး၊ သူ့သားက ရဲလို့ ပြောတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ ရွှေအိုး(၁)ရပ်ကွက်မှာနေတဲ့ အသက် ၅၇ နှစ်အရွယ် ဦးကြည်ထွေးဆိုသူ ဖြစ်တယ်လို့ သိရပြီး ရွာလမ်းပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာအနီး ဆတ်သွား-လယ်ဝေးလမ်းပိုင်းမှာ ပေါ်တာဆွဲဖို့ထွက်လာတဲ့ ရဲအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ရဲ ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel