သံဖြူဇရပ်မြို့နယ် စီမံအဖွဲ့ဝင် မောင်းလာတဲ့ကားကဝင်တိုက်လို့ ယာဥ် ၃ ဆင့်တိုက်မှုဖြစ်ပွား
အောက်တိုဘာ ၂၁
သံဖြူဇရပ်မြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီဝင် ဦးအောင်သန်း မောင်းနှင်လာတဲ့ကားက အရှိန်လွန်ကာ အရှေ့ကသွားနေတဲ့ ခရီးသည်တင်ကား Light track ကိုတိုက်မိပြီး ယာဥ် ၃ ဆင့်တိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၈ နာရီခန့်က သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ ဒေါင်းရွာလမ်းထိပ်မှာ ဖြစ်ပွားခဲ့တာလို့သိရပြီး 'ဟာရီယာ' အမျိုးအစား ကျိုက္ခမီရေလယ်ဘုရား တံဆိပ်ကပ်ထားတဲ့ကားက ခရီးသည်တင်ကား Light track ကိုဝင်တိုက်ခဲ့ပြီးနောက် ခရီးသည်တင်ကားကတဆင့် သူရှေ့တဖက်ယာဥ်ကြောကသွားနေတဲ့ သုံးဘီးဆိုင်ကယ်ကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
"စီမံအဖွဲ့ဝင် အောင်သန်း မောင်းတဲ့ကားက သူ့အရှေ့ကသွားနေတဲ့ကားကို အနောက်ကနေဝင်ကြုံးတာ၊ အဲ့ကားက အရှိန်မထိန်းနိုင်ဘဲနဲ့ တဖက်ယာဥ်ကြောက သုံးဘီးကိုတိုက်တာ၊ လူတွေထိခိုက်ဒဏ်ရာရတယ်၊ ခု ရဲစခန်းက လိုက်ညှိပေးနေတယ်၊ နစ်နာသူတွေ ရော်ကြေးမရဘူး၊ ရန်ကုန်ကိုသွားတာမှာ ဖြစ်တာလို့ပြောတယ်၊ သူ့တပည့်တွေလည်းပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ဦးအောင်းသန်းမောင်းနှင်လာတဲ့ကားဟာ ကျိုက္မမီရေလယ်ဘုရားပိုင်ကားဖြစ်ပြီး ကျိုက္ခမီရေလယ်ဘုရား ဂေါပကအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူထားတာကြောင့် ကားကိုယူသုံးခွင့်ရတာလို့လည်း ဆိုပါတယ်။
ယာဥ် ၃ ဆင့်တိုက်မှုကြောင့် သုံးဘီးယာဉ်ပေါ်လိုက်ပါလာတဲ့ အမျိုးသမီးတဦးမှာ လက်ဆစ်လွဲ ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်တဦးမှာ မျက်နှာပွန်းပဲ့ဒဏ်ရာရရှိခဲ့ကာ 'ဟာရီယာ'ကားပေါ်ပါသူ အမျိုးသားတဦး သတိလစ်မေ့မျောခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို သထုံမြို့နယ် ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးနဲ့ နာရေးကူညီမှုအသင်းက သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel