အရေးပေါ်
နိုင်ငံတကာသတင်း

မြန်မာ့လူ့အခွင့်အရေး အနိမ့်ဆုံးအခြေအနေသစ်ကို ရောက်နေကြောင်း ကုလသမဂ္ဂ သတိပေး

၂၀၂၆ သြဂုတ် ၂၇ Myo Taw
မြန်မာ့လူ့အခွင့်အရေး အနိမ့်ဆုံးအခြေအနေသစ်ကို ရောက်နေကြောင်း ကုလသမဂ္ဂ သတိပေး

မြန်မာနိုင်ငံရဲ့ ဆိုးရွားနေပြီးသား လူ့အခွင့်အရေးအခြေအနေဟာ “အနိမ့်ဆုံးအဆင့်သစ်” တခုအထိ ကျဆင်းလာနေပြီး တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လည်ရေးစခန်းတွေ မြင့်တက်လာမှုကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ဇွန် ၁ ရက်ကနေ မေ ၃၁ ရက်အထိ တစ်နှစ်တာ အခြေအနေတွေကို လေ့လာထားတဲ့ အစီရင်ခံစာမှာ အရပ်သားတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့တိုက်ခိုက်မှုနဲ့ နေရပ်စွန့်ခွာရမှုတွေကို ဆက်လက်ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က မြန်မာနိုင်ငံတစ်ဝန်း “ဆင်းရဲဒုက္ခ၊ စိတ်ပျက်အားငယ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှု” တွေ မြင့်တက်နေပြီး အခြေအနေဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာအစိုးရတွေ၊ ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်တွေ ဒါမှမဟုတ် နှုတ်ဆိတ်နေမှုတွေအပေါ် အလေးအနက် ပြန်လည်သုံးသပ်ကြဖို့ကိုလည်း တာ့ခ်က တိုက်တွန်းထားပါတယ်။

လက်ရှိမှာ မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံတကာအထီးကျန်မှု အခြေအနေကို ဖြေလျှော့ကာ သံတမန်ရေးအရ အသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းနေပြီး အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကိုလည်း သွားရောက်ခဲ့သလို စစ်တပ်ရဲ့ အာဏာထိန်းချုပ်မှုနဲ့ တရားဝင်မှုရရှိရေး အစဉ်တစိုက် ကြိုးပမ်းနေတာက အရပ်သားတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခနဲ့ အသက်အန္တရာယ်ရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ပိုမိုနက်ရှိုင်းစေခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေရဲ့ နေ့စဉ်ဘဝကဏ္ဍအသီးသီးကို အကြောက်တရားနဲ့ ထိန်းချုပ်နိုင်ဖို့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာအသစ်တွေကို အသုံးပြုနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလားတူ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်တို့က ရိုဟင်ဂျာလူနည်းစုအပေါ် ကျယ်ပြန့်ပြီး စနစ်ကျတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တစ်ဖက်မှာလည်း တရားမဝင်သတ္တုတူးဖော်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေလိမ်လည်ရေးစခန်းတွေလို တရားမဝင်စီးပွားရေးလုပ်ငန်းတွေဟာ ပဋိပက္ခအတွက် ငွေကြေးရင်းမြစ်တစ်ခု ဖြစ်လာနေပြီး လူ့အခွင့်အရေးအကျပ်အတည်းတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေသခံလူထုတွေဟာ အွန်လိုင်းငွေလိမ်လည်ရေးစခန်းတွေအပေါ် ပိုမိုမှီခိုလာနေပြီး အဆိုပါစခန်းတွေဟာ ဒေသခံလူထုရဲ့ ထောက်ခံမှုနဲ့ ယုံကြည်မှုရရှိဖို့ လမ်းတွေ၊ ကျောင်းတွေနဲ့ ရေတွင်းတွေ တည်ဆောက်ပေးနေကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့ အကြီးအကဲ ဂျိမ်းစ် ရိုဒ်ဟေဗာ က ဆိုပါတယ်။

ဒါ့အပြင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းအမြောက်အမြား မြစ်ချောင်းများအတွင်း စီးဝင်နေပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးတွေကို ပြင်းထန်စွာ ထိခိုက်စေလျက်ရှိတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာက ဆိုပါတယ်။

အချက်အလက်တွေအရ သတ္တုတူးဖော်ရေး လုပ်ငန်းအများစုဟာ အိမ်နီးချင်း တရုတ်စျေးကွက်အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက သတ္တုတူးဖော်ထုတ်လုပ်မှုနဲ့ တရုတ်ဈေးကွက်အကြား ကုန်သွယ်စီးဆင်းမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref & Photo; AFP

ဆက်စပ် သတင်းများ

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ နိုင်ငံတကာသတင်း

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ

ထိုင်ဝမ်စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို အကြီးအကျယ် တိုးချဲ့ဖို့ အစိုးရက တင်သွင်းထားတဲ့ ထိုင်ဝမ်ဒေါ်လာ ၂၁၀ ဘီလီယံ (ယူကေပေါင် ၄ ဒသမ ၉ ဘီလီယံခန့်) အထူးဘတ်ဂျက်…

ဖတ်ရန်
Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော နိုင်ငံတကာသတင်း

Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော

လူငယ်တွေ လူမှုကွန်ရက်အသုံးပြုမှုကို အလွန်အကျွံဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်မယ့် Meta ရဲ့ အစီအစဉ်တွေကို ကမ္ဘာတစ်ဝန်းက လူငယ်အသုံးပြုသူတွေအတွက်ပါ ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား မီဒီယာနဲ့ ဆက်သွယ်ရေးကော်မရှင် (KMCC)…

ဖတ်ရန်
အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ကလေး တစ်သိန်းသုံးသောင်းကျော် ရှိလာပြီလို့ဆို နိုင်ငံတကာသတင်း

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ကလေး တစ်သိန်းသုံးသောင်းကျော် ရှိလာပြီလို့ဆို

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရောက် မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေးအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ်…

ဖတ်ရန်
AI နည်းပညာအခြေပြု အော်တိုစနစ် စစ်လက်နက်တွေ ထိန်းချုပ်နိုင်ရေး စည်းမျဉ်းတွေ သတ်မှတ်ဖို့ UN နဲ့ ICRC အရေးပေါ်တောင်းဆို နိုင်ငံတကာသတင်း

AI နည်းပညာအခြေပြု အော်တိုစနစ် စစ်လက်နက်တွေ ထိန်းချုပ်နိုင်ရေး စည်းမျဉ်းတွေ သတ်မှတ်ဖို့ UN နဲ့ ICRC အရေးပေါ်တောင်းဆို

လူသားတွေရဲ့ တိုက်ရိုက်ထိန်းချုပ်မှုမရှိဘဲ လူသားတွေကို အလိုအလျောက် ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ လက်နက်စနစ်တွေ စစ်ပွဲတွေမှာ အသုံးပြုလာနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် အဲဒီလက်နက်တွေ အသုံးပြုမှုကို ထိန်းချုပ်နိုင်ရေး အရေးပေါ်ဆွေးနွေးမှုတွေ စတင်ဖို့ အပြည်ပြည်ဆိုင်ရာ…

ဖတ်ရန်