ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၃ ခုဖြစ်တဲ့ နရာသီဝပ်၊ ပတ်ထာနီနှင့် ယလာခရိုင်တို့မှာ မနေ့ည ၈ နာရီခန့်က စတင်ပြီး နေရာ ၁၂ ခုထက်မနည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရပြီး ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေအတွင်း ဗုံးခွဲတိုက်ခိုက်တာ၊ ဆက်သွယ်ရေး တာဝါတိုင်တွေနှင့် စတိုးဆိုင်တွေကို မီးရှို့ဖျက်ဆီးတာ၊ သေနတ်ဖြင့် ပစ်ခတ်တာ၊ ယာဉ်တွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် လမ်းမကြီးတွေပေါ်မှာလည်း ကားတာယာတွေကို မီးရှို့တာနှင့် သံမှိုတွေကို ပက်ကျဲတာတွေပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပတ်ထာနီမှာ 7-Eleven ဆိုင် ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့သလို မီးသတ်ကားတစီးနှင့် အမှိုက်သိမ်းယာဉ်တစီးလည်း မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်ရပ်တွေ ဆက်တိုက်ပေါ်ပေါက်လာပြီးနောက် ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေနှင့် သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အရေးပေါ် တုံ့ပြန်မှုတွေကို ချက်ချင်း လုပ်ဆောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
အထူးသဖြင့် အခြေအနေ အဆိုးဆုံးဖြစ်တဲ့ နရာသီဝပ်ဒေသအချို့မှာ အာဏာပိုင်တွေက ညမထွက်ရအမိန့် (Curfew) ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးကို အထူးတင်းကျပ်ထားကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်တွေအရ မနေ့ည တညတည်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှု၊ မီးရှို့မှုနှင့် ဖျက်ဆီးမှု စုစုပေါင်း ဖြစ်ရပ်အရေအတွက်မှာ (၃၀) ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒေသခံ အာဏာပိုင်တွေနှင့် တပ်မတော် တာဝန်ရှိသူတို့က တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းလျက်ရှိပြီး အနီးကပ် စောင့်ကြည့်မှုတွေလည်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။