အီရန်နဲ့ ကုန်သွယ်နေတဲ့ နိုင်ငံတွေကိုပါ ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို စတင်ချမှတ်ဖို့ ပြင်ဆင်နေပြီး ဒါဟာ သမိုင်းမှာ အကြီးမားဆုံး ဘဏ္ဍာရေး ထိုးစစ်ကြီး ဖြစ်လာမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်စ်ဆင့်က သတိပေး ပြောဆိုလိုက်ပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ထုတ် Financial Times သတင်းစာရဲ့ အတွေးအမြင် ဆောင်းပါးကဏ္ဍမှာ "အရုဏ်တက်ချိန်မှာပဲ စီးပွားရေးဆိုင်ရာ D-Day စတင်ပါပြီ၊ ဒါဟာ ရန်သူအပေါ် ပြုလုပ်သမျှထဲမှာ အကြီးမားဆုံးသော ဘဏ္ဍာရေး ထိုးစစ်ပါပဲ" လို့ ရေးသားခဲ့ပြီး အီရန်နဲ့ စီးပွားရေး၊ ဘဏ္ဍာရေးအရ ဆက်ဆံမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ နိုင်ငံတွေအနေနဲ့လည်း အကျိုးဆက်တွေ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက သတိပေးထားပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးတိုက်ခိုက်မှုတွေ မကြာသေးခင် ရက်သတ္တပတ်တွေမှာ ရပ်တန့်နေခဲ့ပေမယ့် ၆ လကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ သေချာတဲ့ ဆွေးနွေးမှုတွေတော့ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်နဲ့ လက်ဘနွန်မှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး အီရန်ရဲ့ စစ်ရေးစွမ်းရည်နဲ့ အခြေခံအဆောက်အအုံတချို့လည်း ထိခိုက်ခဲ့ရသလို အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီလည်း သေဆုံးခဲ့ပါတယ်။
ဒါပေမဲ့ အီရန်ဆီမှာ ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်ဖို့နဲ့ ဟောမုဇ် ရေလက်ကြားထဲက ရေနံတင်သင်္ဘောတွေကို ခြိမ်းခြောက်ဖို့ လုံလောက်တဲ့ ဒုံးကျည်နဲ့ ဒရုန်းစွမ်းရည်တွေ ကျန်ရှိနေသေးတာကြောင့် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားက ရေကြောင်းသွားလာမှုတွေ ရပ်တန့်လုနီးပါး ဖြစ်နေပြီး ကမ္ဘာ့လောင်စာဆီဈေးနှုန်းအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေအတွက် ကြိုတင်ပြင်ဆင်ထားပြီး ပြင်းထန်တဲ့ စစ်ရေးတုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။
အီရန် အမျိုးသားလုံခြုံရေး အထက်တန်းကောင်စီ အတွင်းရေးမှူး မိုဆင် ရေဇာအီက "စီးပွားရေးစစ်ပွဲသာ ဆက်ဖြစ်နေမယ်ဆိုရင် ဟောမုဇ် ရေလက်ကြားကနေဖြစ်စေ၊ ပါရှန်းပင်လယ်ကွေ့ရဲ့ ဘယ်နေရာကနေဖြစ်စေ ရေနံတစ်စက်မှ ထွက်သွားမှာ မဟုတ်ဘူး" လို့ ပြောဆိုထားသလို အမေရိကန်ရဲ့ စီးပွားရေးစစ်ပွဲမှာ ပါဝင်ကူညီတဲ့ ဘယ်နိုင်ငံမဆို အီရန်အပေါ် စစ်မက်ပြုတာလို့ သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဖို့ တိုက်တွန်းထားပေမယ့် ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူကတော့ ပိတ်ဆို့အရေးယူမှုနဲ့ ဖိအားပေးမှုတွေဟာ ပြဿနာကို မဖြေရှင်းနိုင်ကြောင်းနဲ့ သံတမန်ရေးနည်းလမ်းကိုပဲ အသုံးပြုသင့်ကြောင်း ပြန်လည်တုံ့ပြန်ထားပါတယ်။
Ref & Photo; Reuters