ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ စစ်ရေးပြဿနာတွေကြောင့် ART ဆေး သောက်သုံးနေရသူတွေ ဆေးဆက်မသောက်နိုင်ကြတော့သလို ဆေးရုံကြီးကလည်း ART ဆေးကို ၁၀ ရက်စာသာ ပေးနိုင်တော့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဝင်ရောက်တဲ့ ဆက်သွယ်ရေးလမ်းတွေမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က စတင်ကာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အာဏာသိမ်းအစိုးရနဲ့ ပတ်သက်ဆက်နွယ်တဲ့ ကုန်ပစ္စည်းနဲ့ ဆေးဝါးတွေ စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး အဲ့ဒီထဲမှာ ကျန်းမားရေးဌာနတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေလည်း အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။
"မန္တလေး-မြစ်ကြီးနား လမ်းတွေက တိုက်ပွဲတွေနဲ့ ရာသီဥတုပြဿနာတွေကြောင့် ကျန်းမာရေးဌာနက ဆေးဝါးတွေ ပြတ်နေတာကြာပြီ။ အရင်လို ဘယ်ရောဂါဖြစ်ဖြစ် ဆေးကို တန်းမပေးရဲလောက်အောင်ကိုပဲ ဆေးက ရှားနေတာ" လို့ ကျန်းမာရေးဌာနက ဝန်ထမ်းတဦးက မြို့တော်ကို ပြောပါတယ်။
ဆေးရုံကြီးမှာလည်း HIV ထိန်းချုပ်တဲ့ ART ဆေးတွေ ပြတ်လပ်သွားတာကြောင့် အရင်က လူနာတဦးကို ပုံမှန် ၁ လ ဆေး ၁ ဘူးနှုန်း ပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး လူနာတဦးကို ဆေး ၁၀ လုံးသာ ထုတ်ပေးနိုင်တော့တယ်လို့ သိရပါတယ်။
"လူနာအရေအတွက်က ထောင်ချီရှိတယ်လို့ သိရတယ်။ ဆေးထုတ်ရတာ လူနာတွေ များတာရယ် ဆေးအရေအတွက်က ပေးတာနည်းလာတာရယ်၊ စစ်ရေးနိုင်ငံရေး အစစ်အဆေးနဲ့ ဝမ်းစာအတွက် လုံးပန်းနေကြရတော့ တချို့က လာမထုတ်ကြတော့ဘဲ အသေခံမယ်ဆိုတဲ့ လူနာတွေလည်း များတယ်။ လာထုတ်ကြတဲ့ မြို့ပေါ်အနီးတဝိုက်ကိုလည်း ၁၀ လုံးပဲ ပေးနိုင်တော့တယ်" လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။
မြစ်ကြီးနားမြို့နယ်မှာ စစ်ရေးပြဿနာ၊ စီးပွားရေးပြဿနာတွေနဲ့ တခြားသောကိစ္စရပ်တွေကြောင့် ဆေးရုံကြီးက အခမဲ့ပေးတဲ့ ART ဆေးကိုပင် ထုတ်ယူသောက်သုံးမှု မရှိကြတော့သလို ဒီတိုင်းနေတဲ့သူတွေလည်း စစ်ရေးကြောင့် သေနေတာမလို့ အသေပဲခံတော့မယ်ဆိုတဲ့ သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။