ပုသိမ်မှာ အမှိုက်ပုံးတခုအတွင်း အမျိုးသမီးတဦးရဲ့ ရုပ်အလောင်း တွေ့ရှိ
နိုဝင်ဘာ ၉
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ စက်မှုဇုန်ရှိ ဟာကာအထည်ချုပ်စက်ရုံ အနောက်ဘက်ထောင့် စည်ပင်အမှိုက်ပုံးအတွင်း ထိုးသွင်းဒဏ်ရာတွေနဲ့ အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းတွေ့ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့က ရုပ်အလောင်းကို စည်ပင်အမှိုက်ပုံးမှာ တွေ့ခဲ့တာဖြစ်ပြီး စိတ်တိုင်းကျ သတ်ဖြတ်ပြီးမှ လာရောက်စွန့်ပစ်သွားတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စည်ပင်က အမှိုက်လာသိမ်းတော့ တွေ့တာ၊ အမှိုက်တွေကြားမှာ တစ်ကိုယ်လုံး စုတ်ပြတ်နေတာပဲ။ ဓားဒဏ်ရာတွေနဲ့ စိတ်တိုင်းကျ လုပ်ကိုင်ပြီးမှ လာပစ်သွားတဲ့ပုံပဲ။ အသက် ၂၀ လောက်ရှိမယ်၊ ဒီနေ့ထိ ပိုင်ရှင်မသိရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတဦး ဖြစ်ပြီး ရုပ်အလောင်းမှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ရှိရကာ ရုပ်ပျက်ဆင်းပျက်အခြေအနေနဲ့ သေဆုံးနေကာ ဒီကနေ့ နိုဝင်ဘာလ ၉ ရက်နေ့ထိ ကာယကံရှင်မိသားစုနဲ့ အဆက်အသွယ် မရသေးဘဲ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပုသိမ်မြို့၊ အမှတ် (၈) ရပ်ကွက် အလယ်ကုန်းမှာ လူသတ်မှုတခု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပြီး ပုသိမ်မြို့ပေါ်မှာ မကြာခဏ လုယက်သတ်ဖြတ်မှုတွေ ရှိနေပေမယ့် တရားခံတွေ ဖမ်းဆီးရမိတာမျိုး မရှိဘူးလို့ သိရပါတယ်။
မြို့တော် News Channel