အမျိုးသမီးတဦးရဲ့ ရင်ဘတ်ထဲက ဆေးပြားတွေကို လူမြင်ကွင်းမှာ အတင်းနှိုက်ကာ ဖမ်းဆီးမှုဖြစ်ပွား
အောက်တိုဘာ ၂၀
ပဲခူးမြို့၊ ပင်စည်မီးပွိုင့်အနီးမှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့က အတွင်းခံအင်္ကျီထဲ မူးယစ်ဆေးဝါးတွေ ဝှက်သယ်လာတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့က ပဲခူးမြို့ ပင်စည်မီးပွိုင့်အနီးမှာ ဖမ်းဆီးရမိတာလို့ သိရပြီး၊ ဖမ်းဆီးခံရသူ မခင်မျိုးဝေ အသက် ၂၆ နှစ်ရဲ့ အတွင်းခံ အရှေ့ဘက်ခြမ်းမှာ ဝှက်သယ်လာတဲ့ ဆေးပြားတွေကို နယ်ထိန်း ရဲတပ်ဖွဲ့က လူမြင်ကွင်းမှာ အတင်းရှာဖွေ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
“အမျိုးသမီးရဲမေ မပါဘူး၊ ရဲအမျိုးသားတွေချည်းပဲ စောင့်ဖမ်းတာ။ အတွင်းခံအင်္ကျီထဲ လက်နှိုက်ပြီး ထုတ်တာ၊ အကုန်ပြီးမှ ရဲမေက ရောက်လာတာ” လို့ ဖြစ်စဉ်သိတဲ့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူရဲ့ ဝဲဘက်ရင်ဘတ်အတွင်းမှာ ဝှက်သယ်လာတဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ရန်ကုန်မြို့၊ သာကေတဈေးဘက်က ဝယ်ယူလာပြီး ပဲခူးမြို့မှာ ပြန်လည်ရောင်းချဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြို့တော် News Channel