ကျောက်တန်းမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးကို အိမ်သာထဲ ဆွဲခေါ်ကာ လိင်ပိုင်းဆိုင်ရာပြုကျင့်မှုဖြစ်ပွား
အောက်တိုဘာ ၉
ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၊ ရွှေကုန်းရပ်ကွက်မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တဦးကို ၃ ခန်းတွဲ အိမ်သာထဲ ဆွဲခေါ်ကာ လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၈ ရက် မနေ့က ည ၈ နာရီခွဲခန့်က ကျောက်တန်းမြို့၊ ရွှေကုန်းရပ်ကွက်၊ အမှတ်(၉)၊ အောင်မင်္ဂလာလမ်းနဲ့ မြသီတာလမ်းထောင့်က နေအိမ်လိုင်းခန်းတခုမှာ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတဦးက အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို လိုင်းခန်းတွဲအိမ်သာအတွင်း ဆွဲခေါ်ကာ လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“သူတို့က လိုင်းခန်းမှာ နေကြတာ။ သူ့သမီးက အိပ်ယာဝင်ခါနီး ခြေလက်ဆေးဖို့ ထွက်သွားရင်း ပြန်မလာလို့ အမေဖြစ်တဲ့သူက လိုက်ရှာတာ။ သူတို့နေတဲ့ လိုင်းခန်းက အိမ်သာတလုံးက တံခါးကို အပြင်ကသော့ခတ်ထားလို့ မသင်္ကာဖြစ်ပြီး ဖွင့်ကြည့်တော့ အထဲမှာ သူ့သမီးကို တွေ့တာ။ အဲ့ကနေ မေးရင်းနဲ့ သူတို့လိုင်းခန်းမှာနေတဲ့ ကောင်လေးက သူ့ကို လိင်ပိုင်းဆိုင်ရာကျင့်တာလို့ ပြောတာနဲ့ ရဲစခန်းမှာ အမှုလာဖွင့်တာ” လို့ ရဲနဲ့နီးစပ်သူတဦးက ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာပြုကျင့်ခဲ့တဲ့ လူငယ်ဟာ အသက် ၁၆ နှစ်အရွယ် ထက်ပြည့်အောင် ဆိုသူဖြစ်ပြီး ခြေလက်ဆေးနေတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးရဲ့ ပါးစပ်ကို လက်နဲ့ပိတ်ကာ အိမ်သာထဲ ဆွဲခေါ်သွားပြီး လိင်ပိုင်းဆိုင်ရာပြုကျင်ခဲ့တာလို့ ရဲနဲ့နီးစပ်သူထံက သိရပါတယ်။
လိင်ပိုင်းဆိုင်ရာပြုကျင့်ခဲ့သူ ထက်ပြည့်အောင်ကို ကျောက်တန်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပြီး ကျောက်တန်းမြိုမရဲစခန်းက (ပ)၁၁၆/၂၀၂၆၊ အမှုကြီးအမှတ်စဉ်(၄/၂ဝ၂၆)၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ကနဦးသိရပါတယ်။
မြို့တော် News Channel