နယ်ထိန်းရဲနဲ့ အဖွဲ့က ခရီးသွားတဦးကို သတ်ဖြတ်ပြီး ငွေကျပ် ၂၁ သိန်း လုယူခဲ့ကာ ရေနစ်သေတယ်လို့ အမှုဖွင့်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်
အောက်တိုဘာ ၁၉
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ရဲစခန်းအပိုင် ကဇန်းစစ်ဆေးရေးဂိတ်အနီးမှာ ကားစောင့်နေတဲ့ ခရီးသွားတဦးကို နယ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ကာ ငွေကျပ် ၂၁ သိန်းကိုယူပြီး အလောင်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့ ည ၉ နာရီခွဲခန့်က ဆားမလောက်ရဲစခန်းအပိုင် ကဇန်းစစ်ဆေးရေးဂိတ် အနီးမှာ ဖြစ်ပွားခဲ့တာလို့သိရပြီး နစ်နာသေဆုံးသူဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူ ဦးမျိုးမြင့် ဖြစ်တယ်လို့ သိရပါတယ်။
“ဆားမလောက်ရဲစခန်းက နယ်ထိန်း မြဘုန်းအောင်နဲ့ သူ့တပည့်တွေက ဂိတ်နားမှာ ကားစောင့်နေတဲ့သူကို ဖမ်းတာ။ ဖမ်းပြီး လက်ထဲက ပိုက်ဆံ ၂၁ သိန်းကို မသင်္ကာဘူးဆိုပြီး ယူကြတာ။ ဟိုလူက မပေးဘဲ ရုန်းကန်တော့ မျက်နှာကို ဝိုင်းထိုးကြတာ။ အဲ့လူက ရေထဲပြုတ်ကျတော့ နယ်ထိန်း မြဘုန်းအောင်က ရေထဲဆင်း လက်ထိပ်ခတ်ပြီး ဓားနဲ့နောက်ကျောကို ထိုးလိုက်တာ။ တခါတည်း သေသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နယ်ထိန်းအဖွဲ့ဟာ ခရီးသွား ဦမျိုးမြင့်ကို ရိုက်နှက်သတ်ဖြတ်ကာ ငွေကျပ် ၂၁ သိန်း လုယူခဲ့ပြီးနောက် ရုပ်အလောင်းကို မိသားစုထံ အကြောင်းမကြားဘဲ ရေနစ်သေဆုံးတယ်လို့ဆိုကာ အတင်းအကြပ် မီးရှို့ဖျောက်ဖျက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့မှာ အခင်းဖြစ်ပွားရာနေရာကို စခန်းမှူး ဒုရဲအုပ် ထိန်လင်းနဲ့ နယ်ထိန်း မြဘုန်းအောင်တို့အပါအဝင် ၅ ဦးခန့်ရောက်ရှိလာပြီး ရုပ်အလာင်းကို ရေနစ်သေဆုံးတယ်လို့ဆိုကာ မိသားစုတွေကို အသိမပေးဘဲ ချက်ချင်းမီးသင်္ဂြိုဟ် ဖျောက်ဖျက်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း ကဇန်းစစ်ဆေးရေးဂိတ်မှာ မြို့ပေါ်ကို လူနာပို့ပြီးပြန်လာတဲ့ တက္ကစီယာဉ်မောင်းတဦးကို ည ၁၀ နာရီကျော်သွားပြီလို့ဆိုကာ နယ်ထိန်း မြဘုန်းအောင်နဲ့အဖွဲ့က ရိုက်နှက်ပြီး ငွေကျပ် ၈ သိန်း တောင်းခံခဲ့သေးတယ်လို့ သိရပြီး၊ အဲ့ဒီဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်း မြို့နယ်ရဲတပ်ဖွဲမှူးက မြဘုန်းအောင်ကို တခြားရဲစခန်းသို့ ပြောင်းရွှေ့ခဲ့ပြီး ချောင်းကြီးရဲစခန်းမှာ ၁ လခန့်ထားရှိခဲ့ကာ နောက်ပိုင်းမှာ ဆားမလောက် ရဲစခန်းကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel