နေပူထဲ ဆိုင်ကယ်စီးနေရင်း ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် သေဆုံး
အောက်တိုဘာ ၈
မွန်ပြည်နယ်၊ သထုံမြို့မှာ နေပူထဲ ဆိုင်ကယ်နဲ့ သွားနေချိန် သတိမေ့လဲကျရာက ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၇ ရက်၊ နေ့လယ် ၁၁ နာရီခန့်က သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာက ဘုရားလမ်းမှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတဦးဟာ လေယာဉ်ကွင်းလမ်းကနေ ဆိုင်ကယ်နဲ့ နေအိမ်ကိုပြန်လာချိန် ဆိုင်ကယ်ကို ရပ်လိုက်ပြီးနောက် မထိန်းနိုင်ဘဲ လဲကျသတိမေ့သွားတယ်လို့ သိရပါတယ်။
“သူက မူးလို့ထင်တယ်၊ ဆိုင်ကယ်ကို လမ်းဘေးရပ်ပြီးမှ လဲကျသွားတာ။ ဖြစ်တဲ့အချိန် အနားကလူတွေ သွားကြည့်ပြီး ဆေးရုံပို့တာ။ အဲ့ကတည်းက လူက သတိမရတော့တာ၊ ဆေးရုံရောက်တော့ ဆုံးတယ်လို့ ကြားတာပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဆိုင်ကယ်လဲကျသွားချိန် အနီးရှိဒေသခံတွေက သထုံခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပေမယ့် ဦးနှောက်သွေးကြော ပြတ်ကာ ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က မွန်ပြည်နယ်မှာ နေ့လယ် ၁၂ ကနေ ညနေ ၃ နာရီထိ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိခဲ့တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပြီး မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့၊ ဦးထုပ်နဲ့ ထီးပါမှသာ အပြင်ထွက်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
မြို့တော် News Channel