ပင်းတယမှာ ဘုရားပွဲကျင်းပနေချိန် အုပ်ကြီးရှင်းလင်းခံရပြီး ဘုရားပွဲဈေးထဲ စစ်တပ်က သေနတ်ပစ်ဖောက်ကာ ပေါ်တာဝင်ဆွဲ
အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာက အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရပြီး ဈေးပွဲတော်ထဲ သေနတ်ပစ်ဖောက်ကာ လူငယ်တချို့ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီခွဲခန့်က ပင်းတယမြို့နဲ့ ၇ မိုင်ခန့်ဝေးတဲ့ ညောင်ကောက်ကျေးရွာက နေအိမ်မှာ ပျူစောထီးခေါင်းဆောင်လည်းဖြစ် ညောင်ကောက်ကျေးရွာအုပ်စု ဥက္ကဋ္ဌဖြစ်တဲ့ ဦးဝင်းမောင် ဆိုသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။
"သူက ကြံ့ခိုင်ရေးပါတီကလည်း ဖြစ်တယ်၊ ပျူစောထီးခေါင်းဆောင်လည်း ဖြစ်တယ်၊ အုပ်ကြီးလည်း လုပ်တယ်၊ ပင်းတယ ဂိတ်တွေက သူပြီးရင်ပြီးတယ်၊ ခုပွဲတော်ကာလကြီး ရုတ်တရက် အိမ်ထဲဝင် အပစ်ခံလိုက်ရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ရွှေဥမင်ဘုရားပွဲ ကျင်းပနေတဲ့ ပွဲခင်းထဲ သေနတ်ပစ်ဖောက်သံတွေ ကြားခဲ့ရပြီး ပွဲခင်းထဲလည်ပတ်နေတဲ့သူတွေကို အိမ်ပြန်မရအောင် လမ်းအဝင်အထွက်တွေ ပိတ်ဆို့ခဲ့ကာ လူငယ်တစ်ချို့ကို ဖမ်းဆီသွားခဲ့တယ်လို့ သိရပါတယ်။
"ကလေးတွေ အဖမ်းခံရတယ်ဆိုတာက ဟုတ်တယ်၊ အသက် ၂၀ ဝန်းကျင်တွေ ပါသွားတာ၊ ရွာဘက်ကဖြစ်မယ်၊ သေနတ်ပစ်ဖောက်တဲ့ အချိန် ပွဲဈေးလည်နေတဲ့သူတွေ အကုန်လန့်ပြီး ပြေးကြတာ၊ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားသေးတယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ ပေါ်တာဆွဲခံရတာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပြီး အုပ်ချုပ်ရေးမှူးကိစ္စနဲ့ မဆိုင်ဘူးလို့ဆိုကာ ဖမ်းဆီးခံရတဲ့ လူငယ်အရေအတွက်လည်း များတယ်လို့ သိရပါတယ်။
ပင်းတယမြို့ ရွှေဥမင်ဘုရားပွဲကျင်းပနေတာ တပတ်ကျော်ပြီလို့ သိရပြီး အောက်တိုဘာလ ၂ ရက်နေ့ကနေ အောက်တိုဘာလ ၁၂ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်ဘက်က ဈေးပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ထားပေးပြီး လောင်းကစားဝိုင်းတွေပါ ထည့်ပေးထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel