အိုးဝေမောင်းသမားကို ခရီးသည်လင်မယားက ကျင်စက်နဲ့ ထိုးကာ အိုးဝေယာဉ် လုယက်မှု ဖြစ်ပွား
အောက်တိုဘာ ၁၂
မန္တလေးမြို့မှာ အိုးဝေမောင်းသမားကို ခရီးသည်က ကျင်စက်နဲ့ ထိုးပြီး အိုးဝေယာဉ် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းက မနော်ရမ္မံ ကစားကွင်းကနေ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၆ လမ်းနဲ့ ၆၉ လမ်းထောင့်ကို လိုက်ပို့ဖို့ အသက် ၅၀ ကျော်အရွယ် အမျိုးသားနဲ့ အမျိုးသမီးစုံတွဲက အိုးဝေယည်ကို ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။
သတ်မှတ်နေရာ ရောက်ချိန်မှာ အဆိုပါခရီးသည်လင်မယား ၂ ဦးက အိုးဝေသမားကို ကျင်စက်တွေ ဝက်အူလှည့်တွေနဲ့ ဝိုင်းထိုးပြီး အိုးဝေယာဉ်ကို လုယက်သွားခဲ့ကြတာလို့ သိရပါတယ်။
“အိုဝေသမားက သူတို့ပြောတဲ့နေရာ ရောက်တော့ ရပ်ပေးတာကို အနောက်ကနေ ကျင်စက်နဲ့ ထိုးတယ်။ မိန်းမဖြစ်သူက ဝက်အူလှည့်နဲ့ပါ ထိုးတာ၊ အသေသတ်တာလို့ ပြောတယ်။ ပြီးတော့ ပိုက်ဆံအိတ်ကော အိုးဝေကောယူပြီး မောင်းပြေးကြတာ” လို့ မန္တလေးမြို့ခံ အိုးဝေသမားတဦးက ပြောပါတယ်။
လုယက်ခံရတဲ့ အိုးဝေသမားကို အနီးအနား ဖြတ်သန်းသွားလာသူတွေက မန္တလေးဆေးရုံကြီးကို ပို့ပေးခဲ့ကြရပြီး လုယက်ခံရတဲ့ အိုးဝေယာဉ်ကိုတော့ ညပိုင်းမှာ ပြည်ကြီးတံခွန်မြို့နယ်ထဲက ထိန်ကုန်းလမ်းဆုံမှာ ပြန်လည်တွေ့ရှိခဲ့ပေမယ့် တရားခံတွေကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့၊ ည ၇ နာရီခန့်ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့မှာ အမျိုးသမီး ၂ ဦး သင်္ဘောဦးကနေ အချိူရည်ဝယ်ပြီးအပြန် အခွန်လွတ်ဈေးနားအရောက်မှာ အမျိုးသား ၂ ဦးက အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာကာ လည်ပင်းကဆွဲကြိုးကို လုယက်သွားခဲ့ပြီး တရားခံတွေကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel