မွန်ပြည်နယ်ထဲက တံတားတွေ ဖြတ်သန်းသွားလာခွင့် အချိန်တိုးမြှင့်လိုက်တယ်လို့ဆို
အောက်တိုဘာ ၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ထဲက သံလွင်တံတား ၂ စင်းနဲ့ အတ္တရံတံတားတွေမှာ ဖြတ်သန်းသွားလာခွင့်တွေကို ယခင်သတ်မှတ်အချိန်ထက် တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်တပ်လက်အောက်ခံ မွန်ပြည်နယ်အစိုးရလွှတ်တော် စတုတ္ထကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပေါင်မြို့နယ်ကိုယ်စားလှယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်က သံလွင်တံတား ဖွင့်လှစ်ပေးချိန် တိုးမြှင့်ပေးရန် ရှိ/မရှိ မေးမြန်းခဲ့ရာ နယ်လုံဝန်ကြီး ဆိုသူက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပြီး ယခင်က သတ်မှတ်ထားတဲ့ မနက် ၅ နာရီမှ ည ၈ နာရီ အစား မနက် ၄ နာရီမှ ည ၉ နာရီ အထိ တိုးမြှင့်ဖွင့်လှစ်သွားမယ်လို့ ပြောဆိုထားပါတယ်။
“အချိန်တိုးမြှင့် ဖြတ်သန်းခွင့်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမယ့် စစ်ဆေးရေးဂိတ်တွေက ရစ်တာနဲ့ ရဲတွေက လုံခြုံရေးအကြောင်းပြပြီး ရစ်တာတွေ ရှိနေတယ်။ ဟိုရက်ကဆို ဆိုင်ကယ်လိုင်စင် ဖမ်းတာလိုလို၊ ပစ္စည်းရှာတာလိုလိုနဲ့ အကုန်အစုံပါတာကို တော်ရုံနဲ့ ပြန်မလွှတ်လို့ အတော်လေး ကြောက်ခဲ့ရသေးတယ်” လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။
မွန်ပြည်နယ်ထဲက မော်လမြိုင်နဲ့ ဘီလူးကျွန်းဘက်ကို ဆက်သွယ်ထားတဲ့ သံလွင်တံတား(ချောင်းဆုံ)၊ မုတ္တမနဲ့ မော်လမြိုင်ကို ဆက်သွယ်ထားတဲ့ သံလွင်တံတား(မော်လမြိုင်)တို့ကို ပြီးခဲ့နှစ် ၂၀၂၅ သြဂုတ် ၁၃ ရက်နေ့က စတင်ကာ လုံခြုံရေးအကြောင်းပြချက်တဲ့ အာဏာသိမ်းစစ်တပ်ဘက်က အချိန်ပြောင်းလဲကာ ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အစည်းအဝေးမှာတော့ အချိန်တိုးမြှင့် ဖြတ်သန်းခွင့်ပေးမယ်လို့ ဆိုထားပါတယ်။
မြို့တော် News Channel