နာဂဒေသမှာ ဘုရားရုပ်ပွားတော်တွေ ဖျက်ဆီးခံနေရ
အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာ ဘုရားဆင်းတုတော်တွေ အကြိမ်ကြိမ် ဖျက်ဆီးခံရနေရတယ်လို့ သိရပါတယ်။
ဖဆပလခေတ် ဝန်ကြီးချုပ် ဦးနု လက်ထက်ကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့ လဟယ်မြို့က သမိုင်းဝင် ဘုရားစေတီကုန်းပေါ်က ဘုရားတွေ မကြာခဏ ဖျက်ဆီးခံနေရတာဖြစ်ပြီး ဖျက်ဆီးသူတွေကို ဥပဒေအရ အရေးယူထိန်းကျောင်းပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒါနဲ့ဆို ၃ ခါရှိပြီ၊ ဘုရားတွေကို လောက်လေးနဲ့ပစ် ဖျက်ဆီးတာ။ လက်တည့်စမ်း ပစ်နေကြတာတွေလည်း ရှိတယ်။ တချို့က တုတ်တွေနဲ့ ရိုက်ဖျက်ဆီးကြတာ။ ဗုဒ္ဓဘာသာကိုးကွယ်သူ နည်းတာလည်းပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်လောက်ကလည်း အခုလို ဘုရားတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပြီး ဖျက်ဆီးခံရတဲ့ ဆင်းတုတော်တွေကို ဒေသခံဗုဒ္ဓဘာသာဝင်တွေက ပြန်လည်ပြုပြင် မွမ်းမံတည်ထားခဲ့ပေမယ့် အခုတခါ ထပ်မံဖျက်ဆီးခံရတာလို့ ဆိုပါတယ်။
နာဂဒေသမှာ မတူကွဲပြားတဲ့ ဘာသာရေးယုံကြည်မှုတွေ ရှိနေပြီး မလိုလားအပ်တဲ့ ဘာသာရေးပြဿနာတွေ မဖြစ်အောင်နဲ့ အတူယှဥ်တွဲနေနိုင်အောင် ဥပဒေမဲ့ ဖျက်ဆီးမှုပြုလုပ်သူတွေကိုလည်း ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူ ပေးစေချင်တယ်လို့ သိရပါတယ်။
မြို့တော် News Channel