ပခုက္ကူက အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့အထဲ ၈ တန်းကျောင်းသား ပါဝင်နေ
အောက်တိုဘာ ၁၃
မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းက 'မိတ်ဆွေ' အိမ်ဆောက်ပစ္စည်းဆိုင်ကို ဓားပြတိုက် အနုကြမ်းစီးသွားသူတွေထဲက ၂ ဦး ဖမ်းမိပြီး အဲ့ထဲက တဦးက ၈ တန်းကျောင်းသား ဖြစ်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီခန့်က ပခုက္ကူမြို့ရှောင်လမ်းက 'မိတ်ဆွေ' အိမ်ဆောက်ပစ္စည်းဆိုင်ကို လူငယ်တစု ရောက်လာပြီး ဧည့်စာရင်းစစ်မယ်လို့ဆိုကာ အနုကြမ်းစီးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
"ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်လာတာ၊ အိမ်ထဲရောက်တော့ ဓားရှည်နဲ့ အကုန်လုံးကို သတ်ပစ်မယ်ပြောပြီး ပိုက်ဆံတောင်းတာ၊ ပိုက်ဆံ ငွေသားမရှိရင် Kpay ပေးဆိုပြီး Kpay Password တွေပါတောင်းပြီး ဖုန်းတွေပါ ယူသွားတာ" လို့ ရဲနဲ့ နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာ အမျိုးသမီးတဦးကို ဓားမြှောင်ပြကာ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေသား ၃ သိန်း လုယက်သူ ၅ ဦးကို ဖမ်းမိလို့ စစ်ဆေးရာက 'မိတ်ဆွေ' အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီးသူ ၂ ဦး ပါနေတာလို့ သိရပါတယ်။
"အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့ ၂ ယောက်ပါနေတာ၊ မင်းမော်ဝင်း နဲ့ ၈ တန်းကျောင်းသား တဦးကို ဖမ်းမိပြီ၊ တဦးကတော့ လွတ်နေသေးတယ်" လို့ ရဲနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပခုက္ကူမြို့မှာ ဓားပြတိုက်လုယက်မှုတွေ မကြာခဏဖြစ်နေတာကြောင့် ငွေကြေးချမ်းသာတဲ့ လူတချို့ဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက မြို့ကြီးတွေမှာ ပြောင်းရွေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။
မြို့တော် News Channel