ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ ပျောက်ဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်နေ
အောက်တိုဘာ ၂၄
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မန္တလေးမှာ တက္ကသိုလ်ကျောင်းသားတဦး ဖမ်းဆီးခံရသလို ရန်ကုန်မှာလည်း Smart Card နဲ့ Passport ကိစ္စ စုံစမ်းဖို့ သွားတဲ့ လူငယ်တဦး ပျောက်ဆုံးနေတယ်လို့ တော်လှန်ရေးကင်းထောက် သတင်းရင်းမြစ်တွေအရ သိရပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၁၅ လမ်းနဲ့ ၁၆ လမ်းကြားမှာ အောက်တိုဘာ ၁၉ ရက်က အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတဦးကို အောင်မြေသာစံ ပစခေါင်းဆောင် လက်ရုန်း (ခေါ်) ကျော်သန်းဆိုသူက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ Voice of Mandalay ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လက်ရုန်းဆိုသူဟာ တက္ကသိုလ်ကျောင်းသားတွေကို ပစ်မှတ်ထားပြီး ငွေညှစ်နေသူဖြစ်ပြီး လက်ရှိမှာ ပြည်ကြီးရန်လုံရုံးအတွင်း ကျောင်းသား ၁၀ ဦးနီးပါး ဖမ်းဆီးခံထားရကာ တဦးကို ငွေကျပ် သိန်း ၅၀ နဲ့ ပြန်ရွေးယူဖို့ မိဘတွေထံ ဆက်သွယ်တောင်းခံနေတယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့မှာလည်း အောက်တိုဘာ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်က မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာ နေထိုင်တဲ့ ကိုဝေဇင်အောင် ဆိုသူဟာ Smart Card နဲ့ Passport ပြုလုပ်နိုင်မယ့်နေရာကို စုံစမ်းဖို့ ကန်တော်ကြီးအနီးက လူဝင်မှုကြီးကြပ်ရေးရုံးကို သွားရောက်ခဲ့ရာကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကိုဝေဇင်အောင်ဟာ YBS ၁၁၆ ယာဉ်ကို စီးနင်းကာ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမပေါ်က တရားရုံးရှေ့မှတ်တိုင်မှာ ဆင်းပြီး အနီးအနားရှိ ရုံးတွေမှာ Smart Card လုပ်လို့ရမရ ဆက်စုံစမ်းမယ်လို့ ပြောဆိုပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဖုန်းပိတ်ထားကာ နေအိမ်ကိုလည်း ပြန်မရောက်သေးဘူးလို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ ကိုဝေဇင်အောင်ဟာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာစည်ကျေးရွာဇာတိဖြစ်ပြီး ရန်ကုန်ကို ရောက်တာ ၄ ရက်ခန့်သာ ရှိသေးတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်း အပတ်စဉ်(၃၀) အတွက် လူငယ်တွေကို ဆင့်ခေါ်တာတွေအပြင် ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း ဆက်တိုက်မြင့်တက်နေတယ်လို့ တော်လှန်ရေးကင်းထောက် သတင်းရင်းမြစ်တွေအရ သိရပါတယ်။
မြို့တော် News Channel