မူဆယ်မှာ ဆီသိုလှောင်ထားတဲ့ အိမ်မီးလောင်လို့ တရုတ်ဘက်က မီးသတ်ကားတွေပါ လာကူရ
အောက်တိုဘာ ၂၀
ရှမ်းပြည်မြောက်ပိုင်း၊ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မုံးပေါ်ဆီဆိုင်အနီးမှာ စက်သုံးဆီသိုလှောင်ထားတဲ့ နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၀ ရက် ဒီကနေ့မနက် ၁၀ နာရီခန့်က မီးလောင်ခဲ့တာလို့ သိရပြီး မုံးပေါ်ဆီဆိုင်ရဲ့ အနောက်ဘက်က စက်သုံးဆီသိုလှောင်ထားတဲ့ နေအိမ်တခုလုံး မီးလောင်ကျွမ်းခဲ့ကာ လောင်ကျွမ်းမှုအရှိန် ပြင်းထန်တာကြောင့် တရုတ်နိုင်ငံဘက်က မီးသတ်ယာဉ်တွေပါ လာရောက်ကူညီရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မီးကအရမ်းများတယ်၊ တရုတ်ဘက်က ရေသယ်ကားတွေနဲ့ မီးသတ်ကားတွေပါ လာရတယ်။ အစီး ၂၀ လောက်ရှိတယ်၊ ပြောတာတော့ တရုတ်ဘက်ကသူဌေးတွေ အထိအခိုက်ရှိတယ်လို့ကြားတယ်။ အသေ အပျောက်စာရင်း မသိရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှုကို မူဆယ်မြို့က မီးသတ်ကားနဲ့ ရေသယ်ကား ၇ စီးအပြင် ပရဟိတအသင်းကားတွေနဲ့ ရေသယ်ယာဉ် ၁၉ စီးတို့နဲ့ ငြိမ်းသတ်ခဲ့ရပြီး တရုတ်နိုင်ငံဘက်က မီးသတ်ယာဉ်နဲ့ ကယ်ဆယ်ရေးယာဉ် အစီး၂၀ ခန့် လာရောက်ကူညီခဲ့တယ်လို့ နယ်မြေခံသတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင်ကလည်း မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်က ကျားဖြန့်ရုံတရုံ မီးလောင်ကျွမ်းခဲ့သေးတယ်လို့ သိရပါတယ်။
မြို့တော် News Channel