ဘုရားမီးပူဇော်ရာကနေ ဖယောင်းတိုင်ကုန်ပြီး နေအိမ်ကို မီးကူးစက်လောင်ကျွမ်း
အောက်တိုဘာ ၂၃
လားရှိုးမြို့မှာ ဖယောင်းတိုင်မီးနဲ့ ဘုရားမီးပူဇော်ရာကနေ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့၊ မနက်ပိုင်း ၆ နာရီဝန်းကျင်ခန့်က လားရှိုးမြို့၊ ရပ်ကွက် (၇)၊ သံလွင်ရပ်ကွက်၊ နယ်မြေ (၁)၊ သီတာလမ်းက နေအိမ်တအိမ်မှာ တရုတ်ဖယောင်းတိုင်နဲ့ ဘုရားမီးပူဇော်ထားရာက ဖယောင်းတိုင်ကုန်ပြီး ဘုရားစင်ကို မီးစွဲရာကတဆင့် နေအိမ်ကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
“မနက်စောစော ဘုရားရှိခိုးပြီး ဖယောင်းတိုင်ထွန်းထားတာကနေ လောင်တာလို့ ကြားတယ်။ နေအိမ်တခုလုံး အကုန်ကုန်တာ၊ သနားပါတယ် လူကြီးတွေပဲနေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှု ဖြစ်ပွားရာနေအိမ်ကို လားရှိုးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ သန္ဓေနဲ့ အရန် မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရပြီး မနက် ၆ နာရီ ၂၀ ခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ နေအိမ်ပိုင်ရှင်ကို လားရှိုးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel