လောင်းလုံမှာ ရေမသန့်ရှင်းမှုကြောင့် အရေပြားယားယံမှု ခံစားနေရတဲ့ ကျေးရွာတွေကို ပအဖ က ဆေးဝါးတွေ ဖြန့်ဖြူးပေးနေ
နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အရေပြားယားယံမှုနဲ့ ကြုံတွေ့နေရတဲ့ ကျေးရွာတွေက ဒေသခံတွေကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ရေကန်သန့်စင်ဆေးမှုန့်တွေ ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။
လောင်းလုံမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုတာတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း ရေတွင်းရေကန်တွေ မသန့်ရှင်းတော့တာကြောင့် ယားယံရောဂါခံစားရမှု ရွာတိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“တချို့ရေတွင်းတွေ ခုထိ နွံတွေနဲ့ ရှိနေသေးတယ်။ ကလိုရင်းဆေးနဲ့ ဘလီချဉ်ပေါင်ဒါတွေကို ပအဖ က ဖြန့်ဝေပေးတယ်။ ဆေးအရေအတွက်က နည်းနေတယ်၊ ယားယံမှုဖြစ်တာကတော့ ရွာတိုင်းနီးပါးပဲ။ တရွာချင်းဆီတော့ လိုက်ဝေပေးနေတာ တွေ့တယ်” လို့ လောင်းလုံမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။
ယားယံရောဂါခံစားနေရသူတွေနဲ့ ရေတွင်းရေကန်ဆေးခတ်ဖို့ လိုအပ်တဲ့ ကျေးရွာတွေက သက်ဆိုင်ရာ ပအဖ ကျန်းမာရေးအဖွဲ့ကို ဆက်သွယ်ပြီး ရေသန့်စင်ဆေးတွေ လာရောက်ထုတ်ယူနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့ နီးစပ်သူတွေထံက သိရပြီး အရေအတွက် အကန့်အသတ်သာ ရှိတာကြောင့် ချင့်ချိန်ပြီး ထုတ်ပေးနေရတယ်လို့လည်း သိရပါတယ်။
လောင်းလုံမြို့နယ်မှာ ရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါအပြင် တချို့ရွာတွေမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေပါ ခံစားနေရတယ်လို့လည်း သိရပါတယ်။
“အရေပြားယားတာက ရွာတိုင်းလိုလို ဖြစ်နေတယ်၊ အဓိက ရေမသန့်တာကြောင့်ထင်တယ်။ ဝမ်းပျက်ဝမ်းလျှောက တရွာမှာ တယောက်နှစ်ယောက်လောက်တော့ ဖြစ်နေတယ်” လို့ လောင်းလုံမြို့ ဒေသခံတဦးက ပြောပါတယ်။
လောင်းလုံမြို့နယ် ပအဖ ကျန်းမာရေးအဖွဲ့က အရေပြားယားယံရောဂါ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ကာလဝမ်းရောဂါတွေကို ကျေးရွာတွေထိ ရွေ့လျားပုံစံနဲ့ သွားရောက်ပြီး ကုသပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel