အိမ်မွေးပုတ်သင်ညို စာကျွေးဖို့ တပ်စခန်းကနေ ၆၄ ကြိမ် ခွင့်မဲ့ထွက်ခဲ့တဲ့ တောင်ကိုရီးယားစစ်အရာရှိ ရာထူးကနေ ရပ်ဆိုင်းခံရ
အောက်တိုဘာ ၁၉
အိမ်မွေးပုတ်သင်ညို အစာကျွေးဖို့ အကြောင်းပြချက်နဲ့ အထက်အရာရှိဆီ ခွင့်မတိုင်ဘဲ တာဝန်ကျရာ စခန်းကနေ အကြိမ်ပေါင်းများစွာ ထွက်ခွာခဲ့တဲ့ တောင်ကိုရီးယား ကြည်းတပ် အရာရှိတဦး တာဝန်ကနေ ၂ လကြာ ယာယီရပ်ဆိုင်းခံရပြီး အမိန့်ကို ပယ်ဖျက်ပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပေမဲ့ အမှုရှုံးနိမ့်သွားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်ခရိုင်တရားရုံးက အဆိုပါအရာရှိရဲ့ အယူခံတရားစွဲဆိုမှုကို အောက်တိုဘာ ၁၅ ရက်နေ့မှာ ပယ်ချလိုက်တာပါ။
စခန်းဂိတ်ပေါက် မှတ်တမ်းတွေအရ အဆိုပါအရာရှိဟာ ၁၀ လတာ ကာလအတွင်း ရုံးဖွင့်ရက် အလုပ်ချိန်တွေမှာပဲ ခွင့်မတိုင်ဘဲ ကားမောင်းပြီး အပြင်ထွက်ခဲ့တာ အကြိမ်ပေါင်း ၆၄ ကြိမ်အထိ ရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ် ။
စခန်းကင်းမှူးရဲ့ ထွက်ဆိုချက်မှာလည်း အဆိုပါ အရာရှိဟာ "ပုတ်သင်ညိုကို အစာသွားကျွေးရဦးမယ်"၊ "ကားသွားဆေးရဦးမယ်" စတဲ့ ဆင်ခြေတွေကို ပေးပြီး ခဏခဏ အပြင်ထွက်လေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဆိုပါ အရာရှိဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း လက်အောက်ငယ်သား စစ်သည် ၂၆ ဦး တင်ပြလာတဲ့ ခွင့်ရက်တောင်းခံမှု အကြိမ်ရေ ၇၀၀ နီးပါးကိုလည်း ခွင့်မပြုဘဲ တမင် အချိန်ဆွဲထားခဲ့တယ်လို့ ဆိုပါတယ်။
တရားခွင်မှာ စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ အရာရှိဟာ ခွင့်ရက် လက်မှတ်ထိုးပေးဖို့ လာတောင်းတဲ့ စစ်သည်တွေကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခဲ့သလို၊ ခါးနာလို့ တာဝန်နေရာ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုတဲ့ တပ်သားတစ်ဦးကိုလည်း စိတ်ကျန်းမာရေး ချို့ယွင်းချက်နဲ့ စစ်တပ်က ထွက်ဖို့ လှောင်ပြောင် ဆဲဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ဘူဆန်ခရိုင်တရားရုံးက မှတ်ချက်ပေးရာမှာ အဆိုပါ အရာရှိ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေဟာ တပ်ကနေ လုံးဝထုတ်ပယ်ပြီး ပင်စင်ခံစားခွင့်ပါ လျှော့ချတဲ့ ပြစ်ဒဏ် (ဖာမြောင်း - pamyeon) အထိ ချမှတ်လို့ ရနိုင်တဲ့ ပြင်းထန်တဲ့ စည်းကမ်းဖောက်ဖျက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
အခုချမှတ်ထားတဲ့ ၂ လကြာ တာဝန်ရပ်ဆိုင်းမှုဟာ တောင်ကိုရီးယားစစ်တပ်ရဲ့ စည်းမျဉ်းတွေအရ ခွင့်ပြုထားတဲ့ အမြင့်ဆုံး ပြစ်ဒဏ်ထက် အများကြီး ပေါ့ပါးနေသေးတဲ့အပြင်၊ စစ်တပ်တွင်း စည်းစနစ် ထိန်းသိမ်းရေးနဲ့ ပြည်သူ့အကျိုးစီးပွားဆိုင်ရာ အရေးပါမှုတွေဟာ တရားလို အရာရှိရဲ့ ပုဂ္ဂိုလ်ရေး နစ်နာမှုထက် ပိုမိုကြီးမားနေတာကြောင့် အခုလို တရားစွဲဆိုမှုကို ပယ်ချရတာ ဖြစ်တယ်လို့ တရားရုံးက အပြီးသတ် ဆုံးဖြတ်ခဲ့ပါတယ်။
Ref & Photo: The Independent
မြို့တော် News Channel