ထိုင်ဝမ်အရေး တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ရှိ၊ မရှိ အမေရိကန်ကို မြောက်ကိုရီးယား မေးခွန်းထုတ်
အောက်တိုဘာ ၈
အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချပေးနေတာနဲ့ စစ်ရေးအရ အကူအညီပေးနေတာတွေဟာ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးတင်းမာမှုကို ပိုမိုဆိုးရွားစေတယ်လို့ မြောက်ကိုရီးယားနိုင်ငံက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြတဲ့ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ကင်မ်မြောင်ချောလ်ရဲ့ ဆောင်းပါးထဲမှာတော့ ထိုင်ဝမ်အရေး အမေရိကန်ရဲ့ မူဝါဒဟာ ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေနေတယ်လို့ ဝေဖန်ထားပါတယ်။
အထူးသဖြင့် ထိုင်ဝမ်ကို အမေရိကန်လုပ် တိုက်လေယာဉ်တွေ ပေးပို့လိုက်တဲ့ ကိစ္စအပေါ် ရှုတ်ချထားပြီး ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ဖို့ အမေရိကန်အနေနဲ့ တကယ်အသင့်ရှိ၊ မရှိနဲ့ အဲဒီလိုရင်ဆိုင်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကိုင်တွယ်နိုင်၊ မနိုင် သေချာစဉ်းစားသင့်တယ်လို့ သတိပေး ပြောဆိုထားပါတယ်။
ထိုင်ဝမ်က ၂၀၁၉ ခုနှစ်ကတည်းက မှာယူထားတဲ့ F-16V Block 70 အမျိုးအစား တိုက်လေယာဉ် ၆၆ စင်းထဲက ပထမဆုံး ၂ စင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ထိုင်ဝမ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ကင်မ်ဂျုံအန်းက ဗလာဒီမာ ပူတင်ရဲ့ မွေးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ရုရှားနိုင်ငံရဲ့ စစ်ပွဲဆိုင်ရာ ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမယ်လို့ ကတိပြုခဲ့ကြောင်း KCNA က ဖော်ပြပါတယ်။
နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့သွားမှာဖြစ်သလို၊ အချုပ်အခြာအာဏာနဲ့ နယ်မြေကာကွယ်ဖို့ ဆင်နွှဲနေတဲ့ ရုရှားရဲ့ “တရားမျှတပြီး မြင့်မြတ်တဲ့စစ်ပွဲ” ဟာ အောင်ပွဲနဲ့ အဆုံးသတ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကင်မ်ဂျုံအန်းက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါသဝဏ်လွှာထဲမှာ ယူကရိန်းစစ်ပွဲအကြောင်း တိုက်ရိုက် ထည့်သွင်းပြောဆိုမထားပေမဲ့ ယူကရိန်းနဲ့ တောင်ကိုရီးယားတို့ရဲ့ ခန့်မှန်းချက်တွေအရ မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ်ကစလို့ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကနေ ၁၅,၀၀၀ ဝန်းကျင်အထိ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ် ဇွန်လမှာ ပူတင်နဲ့ ကင်မ်ဂျုံအန်းတို့ အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ စစ်ရေးနဲ့ သံတမန်ရေး ဆက်ဆံရေးဟာ သိသိသာသာ ပိုမိုခိုင်မာလာနေတာ ဖြစ်ပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel