“ငါ့ရဲ့ ဆိုးသွမ်းတဲ့အခြမ်းကို လူတိုင်းက မသိကြဘူး” လို့ TikTok မှာ ပို့စ်တင်ခဲ့တဲ့ မက္ကဆီကိုဆယ်လီ မိသားစုလိုက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး
အောက်တိုဘာ ၃
လူမှုကွန်ရက်ပေါ်မှာ သူမရဲ့ ဆိုးသွမ်းတဲ့အခြမ်း (nasty side) အကြောင်း ရေးသားဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ မက္ကဆီကိုနိုင်ငံက လူသိများတဲ့ TikTok ဆယ်လီ စင်ဒီ တာမက်ဇ်နဲ့ မိသားစုဝင် ၄ ဦးစလုံး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ် စင်ဒီနဲ့ အသက် ၂ နှစ်အရွယ် သားဖြစ်သူ ဂူစတာဗို တို့ကို စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ မွန်တဲမိုရေးလို့စ်မြို့အတွင်းက ဂျစ်ကားတစီးထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့တာပါ။
ဂျစ်ကားထဲမှာ အလောင်းတွေနဲ့အတူ ပစ္စတို ၁ လက်၊ ကျည်ခွံ ၁ ခုနဲ့ မိုဘိုင်းဖုန်း ၁ လုံးတို့ကို တွေ့ရှိခဲ့ရတဲ့အပြင် ကားနဲ့ မလှမ်းမကမ်းက နေအိမ်အတွင်းမှာလည်း သူမရဲ့ နောက်ထပ်သားနှစ်ဦးဖြစ်တဲ့ အသက် ၁၁ နှစ်အရွယ် ဘရူနို၊ အသက် ၁၂ နှစ်အရွယ် ခရစ်ရှန် တို့နဲ့အတူ လက်တွဲဖော်ဖြစ်သူ လီယိုဒေးဂါရီယို မိုယာ ကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ထူးခြားတာကတော့ စင်ဒီဟာ မသေဆုံးမီ နာရီပိုင်းအလိုက ကားအတွင်းမှာ ရိုက်ထားတဲ့ ဗီဒီယိုတခုကို TikTok ပေါ်တင်ခဲ့ပြီး “ငါ့ရဲ့ ဆိုးသွမ်းတဲ့အခြမ်းကို လူတိုင်းက မသိကြဘူး။ ကိုယ်တိုင် ဒုက္ခရောက်မယ်ဆိုတာ သိသိကြီးနဲ့တောင် အိမ်နီးချင်း မီးလောင်ပြာကျတာကို ကြည့်ချင်လို့ ကိုယ့်အိမ်ကိုယ် မီးရှို့ပစ်မယ့်လူစားမျိုး” လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။
Followers ၇ သောင်းကျော်ရှိတဲ့ စင်ဒီဟာ လူမှုကွန်ရက်ပေါ်မှာ ဇိမ်ခံကားတွေ၊ ပါတီပွဲတွေနဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ပုံဖော်လေ့ရှိသလို၊ ပြင်ပမှာလည်း ကားနဲ့ အဖိုးတန်ပစ္စည်း အရောင်းအဝယ်အပြင် တရားမဝင် ငွေတိုးချေးစားတာနဲ့ မဲစုငွေချေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မက္ကဆီကိုတာဝန်ရှိသူတွေက ဖြစ်စဉ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ အိမ်နီးနားချင်းတွေရဲ့ ထွက်ဆိုချက်နဲ့ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းတွေကို စစ်ဆေးနေသလို စင်ဒီရဲ့ ငွေတိုးချေးစားတဲ့ လုပ်ငန်းတွေဟာ မိသားစုသေဆုံးမှုနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိဆိုတာကို အဓိကထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
Ref & Photo: The Sun
မြို့တော် News Channel