ကင်ဂျုံအန်း ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော်နေပြီး နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ခြေ အလွန်မြင့်မားတယ်လို့ဆို
အောက်တိုဘာ ၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဟာ လက်ရှိမှာ ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော် ရှိနေပြီး အလွန်အမင်း အဝလွန်နေတဲ့အခြေအနေမှာ ရှိနေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက စက်တင်ဘာလ ၃၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆေးလိပ်ကို အလွန်အကျွံ သောက်တတ်တဲ့ ကင်ဂျုံအန်းဟာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်ခြေ အလွန်မြင့်မားနေပေမဲ့ လှေကားတက်တာအပါအဝင် သာမန်လှုပ်ရှားမှုတွေကိုတော့ အခက်အခဲမရှိ လုပ်ဆောင်နိုင်ဆဲ ဖြစ်တယ်လို့ တောင်ကိုရီးယား လွှတ်တော်အမတ် ယွန်းကွန်ယောင်းက ထောက်လှမ်းရေး အချက်အလက်တွေကို ကိုးကားပြီး ပြောပါတယ်။
ဒါ့အပြင် ကင်ဂျုံအန်းကို သီးသန့်ဆေးဘက်ဆိုင်ရာအဖွဲ့က အနီးကပ်စောင့်ကြည့်နေတဲ့အတွက် လက်ရှိမှာ သိသာတဲ့ ကျန်းမာရေးပြဿနာ လက္ခဏာတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
ကင်ဂျုံအန်းရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ၂၀၂၀ ခုနှစ်ကလည်း စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ အဲဒီအချိန်က ကင်ဂျုံအန်းဟာ အဖိုးဖြစ်သူ ကင်အီလ်ဆွန်း ရဲ့ မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို မတက်ရောက်ဘဲ ရက် ၂၀ ခန့် လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တာကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့တာပါ။
ကင်ဂျုံအန်းရဲ့ ဖခင် ကင်ဂျုံအီလ် နဲ့ အဘိုးဖြစ်သူ ကင်အီလ်ဆွန်းတို့ဟာလည်း အဝလွန်ပြီး ဆေးလိပ်သောက်သူတွေဖြစ်ကြပြီး နှလုံးရောဂါနဲ့ပဲ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားမှာ ခေါင်းဆောင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားခဲ့ရင် အာဏာဆက်ခံမှုနဲ့ နိုင်ငံတည်ငြိမ်ရေးဆိုင်ရာ ပြဿနာတွေ အကြီးအကျယ် ပေါ်ပေါက်လာနိုင်တာကြောင့် ကင်ဂျုံအန်းရဲ့ ကျန်းမာရေးကို နိုင်ငံတကာက အမြဲတစေ စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် မြောက်ကိုရီးယားပြည်သူတွေဟာ ကာလရှညကြာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပေမဲ့ ကင်ဂျုံအန်းကတော့ ကာဗီယာငါးဥ၊ ကျောက်ပုစွန်နဲ့ ငန်းအသည်း (Foie gras) လိုမျိုး အလွန်ဈေးကြီးပြီး တန်ဖိုးကြီးတဲ့ အစားအသောက်တွေကို အထူးတလည် နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြောင်း ကင်ဂျုံအန်းရဲ့ စားဖိုမှူးတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ စားဖိုမှူး ပေါလ် စမတ်က ပြောဆိုခဲ့ဖူးပါတယ်။
Ref & Photo: The Japan Times
မြို့တော် News Channel