ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ
အောက်တိုဘာ ၂၁
ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး Wall Street Journal က အောက်တိုဘာ ၂၀ ရက်နေ့မှာ ဖော်ပြပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မြေပြင် ဆက်သွယ်ရေးအပြင် ရုရှားကို တိုက်ခိုက်တဲ့နေရာနဲ့ လေကြောင်းရန်ကာကွယ်ရေး ဒရုန်းစစ်ဆင်ရေးတွေမှာပါ Starlink ကို အဓိက မှီခိုနေရတာကြောင့် အခုလို အရှိန်လျှော့ချခံရမှုဟာ စစ်ဆင်ရေးတွေကို ကြီးကြီးမားမား အဟန့်အတား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဂြိုဟ်တုအင်တာနက်လိုင်း ကန့်သတ်ခံရတာနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ သူ့မှာရော အီလွန်မတ်စ်ခ်မှာပါ တာဝန်မရှိဘူးလို့ ပြောဆိုထားသလို အီလွန်မတ်စ်ခ်ကလည်း အင်တာနက်အရှိန် ဒါမှမဟုတ် Starshield အသုံးပြုမှု ကန့်သတ်ချက်မှန်သမျှဟာ အမေရိကန်စစ်တပ်နဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ အစိုးရအနေနဲ့ ဝန်ဆောင်မှုကို ရုပ်သိမ်းခဲ့တာ မဟုတ်ဘဲ ယူကရိန်းဘက်က လိုက်နာရမယ့် ဝန်ဆောင်မှုစည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတာ ဖြစ်နိုင်တယ်လို့ သွယ်ဝိုက်ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ တွေ့ဆုံပြီး Starlink အင်တာနက်ဝန်ဆောင်မှု ပြန်လည်အသုံးပြုခွင့်ရရေး ကိစ္စရပ်တွေကို ဆွေးနွေးထားတယ်လို့ သိရပါတယ်။
Ref & Photo: The Reuters
မြို့တော် News Channel