အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသွားပေမယ့် ထိုင်ဝမ်အတွက် လက်နက်ရောင်းချမယ့် အစီအစဉ်တွေ ဆက်ရှိနေဦးမယ်လို့ဆို
နိုဝင်ဘာ ၅
အမေရိကန်နိုင်ငံရေး အပြောင်းအလဲတွေကြားမှာ ထိုင်ဝမ်အတွက် လက်နက်ရောင်းချရေးနဲ့ ကာကွယ်ရေးအကူအညီတွေကို အမေရိကန်လွှတ်တော်က ဆက်လက်ကူညီထောက်ခံသွားမယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝဲလင်တန်ကူးက ပြောဆိုလိုက်ပါတယ်။
အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ အနိုင်ရခဲ့ပြီးနောက် ထိုင်ဝမ်အတွက် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချရေးအစီအစဉ်အပေါ် အပြောင်းအလဲရှိလာနိုင်သလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး က အခုလို တုံ့ပြန်ခဲ့တာပါ။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်လွှတ်တော်ဟာ ပါတီစွဲမထားဘဲ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးကို အမြဲထောက်ခံခဲ့ကြောင်းနဲ့ လွှတ်တော်အမတ်တွေအပြင် အမေရိကန်စစ်ဌာနနဲ့ပါ ဆက်လက်ညှိနှိုင်းပြီး လက်နက်ရောင်းချရေး အစီအစဉ်တွေ အချိန်မီ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထိုင်ဝမ်အတွက် ဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှုကို အတည်ပြုခဲ့ပေမဲ့ နောက်ထပ် ဒေါ်လာ ၁၄ ဘီလီယံတန် လက်နက်ရောင်းချရေးအစီအစဉ်ကိုတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီးနောက် ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလမှာလည်း ရီပတ်ဘလစ်ကန်ပါတီဝင် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက ထိုင်ဝမ်အတွက် ဆိုင်းငံ့ထားတဲ့ ဒေါ်လာ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ လုံခြုံရေးအကူအညီတွေ ပြန်လည်ပေးဖို့ ထရမ့်အစိုးရကို တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေ ရပ်တန့်ဖို့ အမေရိကန်ကို အကြိမ်ကြိမ် တောင်းဆိုထားပေမဲ့ အမေရိကန်ဥပဒေအရ ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ တာဝန်ရှိနေပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel