ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်မှာ PSMS စနစ်နဲ့ စစ်ဆေးရာက လောင်းကစားမှုနဲ့ တရားခံပြေးအဖြစ် တိမ်းရှောင်နေသူ ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့က တာချီလိတ်ကနေ မန္တလေးကို ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်မှာ လိုက်ပါစီးနင်းမယ့် ခရီးသည်တွေကို PSMS စနစ်နဲ့ စစ်ဆေးရာက အမျိုးသားတဦး ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသားဟာ ဦးဝင်းချို ဆိုသူဖြစ်ပြီး တာချီလိတ်မြို့မရဲစခန်းမှာ (ပ)၅၁/၂၀၂၄၊ လောင်းကစားဥပဒေပုဒ်မ ၁၇ (၁)နဲ့ အမှုဖွင့်ခံထားရတဲ့ တရားခံပြေးတဦး ဖြစ်တယ်လို့ သိရပါတယ်။
"စစ်တပ်က PSMS နဲ့ ပြေး ၄ ပြေးကို အဓိကထားပြီး စစ်ဆေးတာ၊ ရန်ကုန်လေဆိပ်ကလည်း ပြည်ပထွက်ခွာမယ့်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတော့ အခုနောက်ပိုင်း တာချီလိတ်ဘက်ကနေ ထိုင်းနိုင်ငံကို သွားတဲ့သူတွေများနေလို့ အခုလို စစ်ဆေးနေတာ၊ လောင်းကစား တရားခံပြေး ၁ ယောက် ထပ်မိတယ်ပြောတယ်၊ ဟိုတလောကလည်း ကောင်းမလေးတယောက် ဖမ်းမိတယ်ကြားတယ်" လို့ တာချီလိတ်မြို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူ အမျိုးသားကို တာချီလိတ်မြို့ ဟောင်လိတ်နယ်မြေရဲစခန်းကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကလည်း တာချီလိတ်လေဆိပ်မှာ ခရီးသည်တွေရဲ့ အိတ်တွေကို စစ်ဆေးစဉ် နိုင်ငံကူးလက်မှတ်(Passport) လက်ဝယ်တွေ့ရှိ့မှုနဲ့ ခရီးသည် ၃၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း PSMS စနစ်နဲ့ စစ်ဆေးရာက အမျိုးသမီးတဦးကို လောင်းကစားဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတဲ့ တရားခံပြေးလို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားခဲ့ပါသေးတယ်။