ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၂)ရပ်ကွက်၊ ပုဂံလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Grade-3 ကျောင်းသားကလေးငယ်မှာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ သားအမိနှစ်ယောက် စက်ဘီးစီးပြီးပြန်လာစဉ် လမ်းဘေးမှာရပ်ထားတဲ့ ကားတစီးက နောက်ကိုမကြည့်ဘဲ တံခါးဖွင့်လိုက်တာကြောင့် စက်ဘီးနဲ့ငြိကာ လဲသွားခဲ့ပြီး နောက်မှလာတဲ့ ဒိုင်နာကားက တက်ကြိတ်မိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
"ဖြစ်စဉ်ဖြစ်တာ အမှန်ပါ၊ အလကခွဲ(၁၀)ကနေ ကျောင်းကြိုပြီးပြန်လာတာ၊ ကလေးက ၃ တန်း ကျောင်းသားလေးပါ၊ နေရာမှာပဲသေသွားတယ်၊ အမေဖြစ်သူကတော့ မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်၊ ကြားရတာစိတ်ထဲမကောင်းဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူကလေးငယ်မှာ Grade-3 ကျောင်းသား မောင်ပြည့်သုတ ဖြစ်တယ်လို့သိရပြီး လတ်တလောမှာတော့ ဒိုင်နာယာဉ်မောင်းဖြစ်သူ ဦးနန်းဦးမောင်ကို ရွှေပေါက်ကံနယ်မြေရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ကာ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။