အသိပညာမရှိပါက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းမဲ့ပြီး ပတ်ဝန်းကျင်ကိုပါ အကျိုးယုတ် ပျက်စီးစေနိုင်တယ်လို့ မင်းအောင်လှိုင်ပြောဆို
စက်တင်ဘာ ၁
နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမမှာ တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့မှာ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်က အမှာစကားပြောကြားရာမှာ "အသိပညာမရှိပါက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းမဲ့ပြီး လွဲမှားတဲ့ အယူအဆတွေနှင့် မိမိကိုသာမက ပတ်ဝန်းကျင်ကိုပါ အကျိုးယုတ် ပျက်စီးစေနိုင်ကြောင်း၊ အသိဉာဏ်ပညာ ပြည့်ဝပြီး အကျင့်စာရိတ္တ ကောင်းမွန်ဖို့ စာများများ ဖတ်တဲ့ အလေ့အကျင့်ကို မွေးမြူကြဖို့" တိုက်တွန်းထားပါတယ်။
"သူကိုယ်တိုင်က ဆင်ခြင်တုံတရား ခေါင်းပါးတာထက် လုံးဝ မရှိတာလို့ပဲ ပြောရမယ်။ နိုင်ငံကို အလုံးစုံ ပျက်သုဉ်းစေတဲ့ အာဏာသိမ်းမှုဟာ အသိပညာကင်းမဲ့တဲ့ အထင်ရှားဆုံး သက်သေပဲ ဖြစ်တယ်။ သူ့လုပ်ရပ်က သူပြောသလို ပတ်ဝန်းကျင် သေးသေးလေးကိုပဲ အကျိုးယုတ်စေခဲ့တာ မဟုတ်ဘူး။ နိုင်ငံတခုလုံးကို Failed State အဖြစ်သို့ အဆိုးရွားဆုံး ဆုတ်ယုတ်သွားစေခဲ့တာ" လို့ နိုင်ငံရေးသမားတဦးက မြို့တော်ကို ပြောပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်က "လူငယ်တွေဟာ တိုင်းတစ်ပါးနိုင်ငံတွေဆီ သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းဟာ နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်တွေ များစွာဆုံးရှုံးရတာကြောင့် လူငယ်တွေအနေနဲ့ မိမိတို့နိုင်ငံက သင်ပေးလိုက်တဲ့ ပညာရပ်တွေကို အသုံးချပြီး မိမိနိုင်ငံ၊ မိမိလူမျိုးကို အပြည့်အဝ အကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်နိုင်ကြဖို့" တိုက်တွန်း ထားခဲ့ပါတယ်။
"ကျနော်တို့ လူငယ်တွေ သူများနိုင်ငံဆီကို လိုလိုလားလား ထွက်လာခဲ့ကြတာမှ မဟုတ်တာ။ပေါ်တာဆွဲ၊ အဓမ္မစစ်မှုထမ်းခိုင်းပြီး လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေလို့သာ နိုင်ငံခြားကို မဖြစ်မနေ ထွက်ပြေးလာခဲ့ကြရတာ။ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ခဏတဖြုတ် အလည်ပြန်လာတဲ့ သူတွေကိုတောင် ဖမ်းဆီးတာတွေ လုပ်နေတော့ ဘယ်သူမှ မပြန်ရဲကြဘူး။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရ တက်လာတဲ့ အချိန်တုန်းကဆို နိုင်ငံခြားရောက်နေတဲ့ လူငယ်တွေရော လူကြီးတွေပါ အတော်များများ ပြန်လာခဲ့ကြတယ်။တိုင်းပြည်တည်ဆောက်ရေးမှာ ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်တွေနဲ့ အလုပ်အကျွေးပြုဖို့ အားတက်သရော စီစဉ်ခဲ့ကြတာပါ။ တိုင်းပြည်က တကယ်တမ်း လုံခြုံပြီး အနာဂတ် မျှော်လင့်ချက်ရှိတဲ့ အနေအထားဆိုရင် ဘယ်သူက ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မိသားစုကို ခွဲခွာချင်ပါ့မလဲ" လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တဦးက မြို့တော်ကို ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကတော့ မြန်မာနိုင်ငံသားတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့တိုက်ခိုက်မှုနဲ့ နေရပ်စွန့်ခွာရမှုတွေကို ဆက်လက်ရင်ဆိုင်နေကြရပြီး မြန်မာနိုင်ငံရဲ့ ဆိုးရွားနေပြီးသား လူ့အခွင့်အရေးအခြေအနေဟာ “အနိမ့်ဆုံးအဆင့်သစ်” တခုအထိ ကျဆင်းလာနေပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
မြို့တော် News Channel