Local News

Two Brothers Returning from School in Nyaung-U Hit Landmine While Drinking at Roadside Water Station, One Dead, One Critical

Aug 28, 2026 Myo Taw
Two Brothers Returning from School in Nyaung-U Hit Landmine While Drinking at Roadside Water Station, One Dead, One Critical

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ လမ်းဘေးရေအိုးစင်မှာ ရေဝင်သောက်တဲ့ ကလေးငယ် ၂ ဦး မိုင်းနင်းမိကာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၃ နာရီ ဝန်းကျင်ခန့်က ညောင်ဦးမြို့နယ်၊ ငါ့လင်းပုတ်ရွာ အခြေခံပညာမူလတန်းကျောင်းက Grade-4 ကျောင်းသားဖြစ်သူ မောင်ထွန်းမင်းအောင် ၁၂ နှစ်နဲ့ ညီဖြစ်သူ Grade-3 ကျောင်းသား မောင်ကောင်းပြည့်စုံ ၇ နှစ်တို့ အတူအိမ်ပြန်လာစဥ် လမ်းဘေးရေအိုးစင်က ရေကိုသောက်ကြရာက ထောင်ထားတဲ့မိုင်းကို နင်းမိခဲ့ကြတာလို့ သိရပါတယ်။

"ညီဖြစ်သူက ရေအိုးစဥ်ရှေ့က မိုင်းကို နင်းမိလိုက်တာ။ ခြေ ၂ ဖက်ပြတ်ပြီး နေရာမှာတင် ဆုံးတယ်။ အကိုဖြစ်သူလည်း အခြေအနေ မကောင်းဘူး။ ဒီဘက်မှာက ဘယ်အဖွဲ့က လုပ်တာလို့ ပြောဖို့လည်း ခက်တယ်။ ပြောလည်း မပြောရဲကြပါဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းနင်းမိခဲ့တဲ့ ကလေးငယ်တွေဟာ ချောင်းဝကျေးရွာက ကလေးငယ်တွေလို့ သိရပြီး အသက်ရှင်ကျန်ရစ်တဲ့ အကိုဖြစ်သူကို ဒေသခံတွေက ဝိုင်းဝန်းပို့ ဆောင်ပြီး ညောင်ဦးဆေးရုံမှာ ဆေးကုသမှု ပေးထားတယ်လို့ သိရပါတယ်။