ဆိုင်ကလုန်း မုန်တိုင်း ဖြစ်လာနိုင်ပြီး မြန်မာပြည်အနှံ့ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ဆို
အောက်တိုဘာ ၂၄
အိန္ဒိယမိုးလေဝသဌာန၊ ထိုင်းမိုးလေဝသဌာန၊ ICON Model တို့ရဲ့ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ၎င်းနှင့် ဆက်စပ်နေတဲ့ တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ ကူးပြောင်းနေပြီး အောက်တိုဘာလ ၂၄ ရက်နေ့မှာ မုန်တိုင်းငယ် အဖြစ်သို့ ကူးပြောင်းလာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့မှာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားရင်း အားကောင်းတဲ့ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိမှာဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိကာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ပိုမိုအားကောင်းလာမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော် မုန်တိုင်းအရှိန်နှင့် အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေ၊ တရုတ်နိုင်ငံဘက်မှ တိုးဝင်လာတဲ့ လေဖိအားမြင့်ရပ်ဝန်းတို့ ပေါင်းဆုံမှုကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားမှာ မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့မှာ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတွေ တိုက်ခတ်နိုင်ပြီး နေရာကွက်ကျား မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(တောင်ပိုင်း)နှင့် မန္တလေးတိုင်း တို့မှာ အောက်တိုဘာလ ၂၅ ရက်မှ ၂၈ ရက်အတွင်း လေမငြိမ်မှုတွေနှင့်အတူ နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်သလို ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့မှာလည်း မိုးရွာသွန်းမှု ပိုမိုအားကောင်းနိုင်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာသွန်းမှု ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့မှာ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာတွေနှင့် နေရာကွက်ကျား မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
မိုးရွာသွန်းမှု အများဆုံး ဒေသတွေအဖြစ် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်း တို့ဖြစ်ပြီး မုန်တိုင်းရဲ့ အစွန်အဖျားနှင့် အကွေ့လမ်းကြောင်း အရှိန်ကြောင့် အောက်တိုဘာလ ၂၅ ရက်မှ ၂၇ ရက်အတွင်း မိုးအများဆုံး ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
မိုးရွာသွန်းမှု အနည်းဆုံး ဒေသတွေအဖြစ် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း (မြောက်ပိုင်း) တို့ဖြစ်ပြီး မြောက်ဘက်မှ တိုးဝင်လာတဲ့ လေအေးနှင့် လေဖိအားမြင့်ရပ်ဝန်း သက်ရောက်မှုကြောင့် မိုးရွာသွန်းမှု နည်းပါးမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ် ထားပါတယ်။
မြို့တော် News Channel