လားရှိုးက အိမ်ဆောက်ပစ္စည်းဆိုင်တဆိုင်မှာ သေနတ်နဲ့ ထောက်ကာ ဓားပြတိုက်လုယက်သွား
အောက်တိုဘာ ၂၃
အာဏာသိမ်း စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်တဆိုင် ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် မနေ့က ညနေပိုင်းက လားရှိုးမြို့၊ အမှတ် (၁၂) ရပ်ကွက်ရှိ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ကို မျက်နှာမှာ mask တပ်ထားတဲ့ အမျိုးသား ၂ ဦးက အဖြူရောင် Crown ကားနဲ့ ရောက်လာပြီး သေနတ်နဲ့ ထောက်ကာ ဓားပြတိုက် လုယက်သွားခဲ့တာလို့ သိရပါတယ်။
“ငွေတွေ အကုန်ပါသွားတယ်၊ ဝင်လာကတည်းက သေနတ်နဲ့ ချိန်ထားတာလို့ပြောတယ်။ ပါသွားတဲ့ ပိုက်ဆံက သိန်းထောင်ဂဏန်း လောက်ရှိတယ်လို့တော့ ကြားတယ်” လို့ လားရှိုးမြို့ခံတဦးက ပြောပါတယ်။
ဓားပြတိုက်လုယက်ခံရတဲ့ အဆိုပါဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ဟာ တရုတ်လူမျိုးတဦးပိုင်ဆိုင်တဲ့ အရောင်းဆိုင်ဖြစ်တယ်လို့လည်း လားရှိုးမြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်၊
လားရှိုးမြို့မှာ လုယက်မှု၊ ဓားပြမှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ညနေပိုင်းကလည်း လားရှိုးမြို့ပေါ်က သီရိဟိန်း ရွှေဆိုင်ပိုင်ရှင်နဲ့ မိသားစုကို ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက ဓားပြတိုက် လုယက်ခဲ့တာကြောင့် သိန်း ၉၀၀ ဝန်းကျင်ခန့် ပါသွားခဲ့ပြီး တရားခံတွေကို မမိသေးခင်မှာပဲ အခုလို နောက်ထပ် ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မြို့တော် News Channel