အမေရိကန်က ထောက်လှမ်းရေးသတင်း ပြန်လည်မျှဝေပေးနေပြီလို့ ဇီလန်စကီး ပြော
အောက်တိုဘာ ၁၉
အမေရိကန်နိုင်ငံဟာ ယူကရိန်းဘက်ကို ပေးပို့နေတဲ့ အရေးကြီး ထောက်လှမ်းရေးသတင်းတွေကို ခေတ္တရပ်ဆိုင်းခဲ့ရာကနေ အခုအခါမှာ ပြန်လည်ပေးပို့နေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အောက်တိုဘာ ၁၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ရုရှားရဲ့ အမြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုတွေကို ကြိုတင်သိရှိနိုင်ဖို့အတွက် ယူကရိန်းဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေးအချက်အလက်တွေအပေါ် အဓိက အားထားနေရတာဖြစ်ပြီး သတင်းအချက်အလက် မျှဝေမှု ပြန်လည်စတင်လာတဲ့အတွက် ကျေးဇူးတင်ကြောင်း ဇီလန်စကီးက ပြောဆိုထားပါတယ်။
ဒါပေမဲ့ ရုရှားဒီဇယ်ဆီ တင်သွင်းတာနဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကင်းလွတ်ခွင့်ပေးတာ စတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်တချို့ဟာ ယူကရိန်းကို ထိခိုက်စေနိုင်တယ်လို့ ဇီလန်စကီးက သတိပေးထားပါတယ်။
တကယ်လို့ အမေရိကန်ကသာ ရုရှားဘက်ကနေ ရပ်တည်ပြီး ပူးပေါင်းသွားမယ်ဆိုရင် ယူကရိန်းအနေနဲ့ စစ်ပွဲမှာ ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဇီလန်စကီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထရမ့်နဲ့ ဇီလန်စကီးကြား သဘောထားကွဲလွဲမှုတွေ ပိုမိုကြီးထွားလာတာကြောင့် နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ တင်းမာနေတဲ့ ဆက်ဆံရေးဟာ ယူကရိန်းအတွက် ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ဘက်ကတော့ ရုရှားကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းကနေ ထွက်ခွာသွားစေမယ့် အခြေအနေမျိုးကို ရှောင်ရှားဖို့အတွက်သာ အခုလို ဆုံးဖြတ်ရတာဖြစ်ကြောင်း ထရုသ် ဆိုရှယ် (Truth Social) လူမှုကွန်ရက်ကနေ တုံ့ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ယူကရိန်းဟာ အမေရိကန်ရဲ့ အကူအညီတွေကို ဆက်လက်ရရှိနေဆဲဖြစ်ပေမဲ့ ဒီစစ်ပွဲဟာ စေ့စပ်ညှိနှိုင်းမှုကတဆင့်သာ အဆုံးသတ်ရမှာဖြစ်ပြီး ယူကရိန်းအနေနဲ့ မဖြစ်မနေ အနိုင်ရရမယ်ဆိုတဲ့ အယူအဆဟာ မှားယွင်းတဲ့ ရွေးချယ်မှုသာဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုထားပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel